ရွှေမြန်မာတို့စိတ်ဓာတ် ကမ္ဘာသိအောင် ပြကြပါစို့

yyl_mm_jp.jpg

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် ကစားမယ့် မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ပွဲစဉ်ကို စက်တင်ဘာလ ၁၀ ရက်၊ မြန်မာစံတော်ချိန် ည ၆ နာရီ ၅၀ မိနစ်အချိန်ကျရင် သုဝဏ္ဍအားကစားကွင်းမှာ ကျင်းပသွားမှာပါ။

မြန်မာအသင်းဟာ အုပ်စု(F)ရဲ့ အဖွင့်ပွဲစဉ်မှာ မွန်ဂိုလီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ မြန်မာနဲ့ ကစားရမယ့်ပွဲစဉ်က ဂျပန်အသင်းအတွက် အုပ်စုပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ဥရောပထွက်ကစားနေတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါရာဂွေးကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အာရှဖလား(၄)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ကြိမ် ကစားခွင့်ရခဲ့တဲ့ ဂျပန်အသင်းဟာ အာရှအင်အားကြီးအသင်းပါ။

ဂျပန်အသင်းခြေစွမ်းက ထိပ်တန်းအဆင့်ရှိသလို ဂျပန်အသင်းပရိသတ်တွေရဲ့ စိတ်ဓာတ်ကလည်း ထိပ်တန်းပါပဲ။ ကိုလံဘီယာကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အပြီး ဂျပန်အသင်း ပရိသတ်တွေက ပွဲကြည့်စင်ပေါ်မှာ အမှိုက်တွေ ကောက်သိမ်းပေးခဲ့ကြလို့ တစ်ကမ္ဘာလုံးရဲ့ ချီးကျူးမှုခံခဲ့ရဖူးပါတယ်။

ဂျပန်အသင်းနဲ့ယှဉ်ရင် မြန်မာအသင်းက အဘက်ဘက်မှာ အားနည်းပါတယ်။ ဘောလုံးမှာ ထိပ်တန်းခြေစွမ်းရလာဖို့ အချိန်ယူပြင်ဆင်ရဦးမှာပါ။ ဒါပေမဲ့ အဲဒီပွဲစဉ်ဟာ မြန်မာပရိသတ်တွေအတွက် အခွင့်အရေးတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဂျပန်အသင်းကစားပုံ၊ ဂျပန်ပရိသတ်တွေရဲ့ ပြုမူပုံတွေကို အတုယူခွင့်ရနိုင်သလို ဖော်ရွှေပွင့်လင်းပြီး အေးချမ်းစွာနေတတ်တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကိုလည်း ပြသခွင့်ရှိနေပါတယ်။

အင်အားချင်း မမျှတတဲ့ အခြေအနေမှာ ဘောလုံးပွဲရှုံးတာ ပြောပလောက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ရှုံးခဲ့ရင်တော့ အမည်းစက်ထင်ကျန်နေမှာပါ။ မြန်မာ-ဂျပန်ပွဲစဉ်ကို ကွင်းထဲအရောက်သွားပြီး အားပေးကြမယ့် ပရိသတ်တွေအနေနဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကို ကမ္ဘာသိအောင်ပြကြဖို့ ရိုးရာလေးမိသားစုက တိုက်တွန်းပါရစေ။

သတင်းဓါတ်ပုံ-https://www.facebook.com/MFFMYANMAR/

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top