အခွန်လိမ်လည်မှုစွပ်စွဲချက်တွေက မှားယွင်းတယ်လို့ ပြောလာတဲ့ ရှာကီရာ

9-21-2022-yyl-43.jpg

အသက် ၄၅ နှစ်အရွယ် ပေါ့ပ်စတား ရှာကီရာဟာ စုစုပေါင်း ပေါင် ၁၂.၂ သန်း အခွန်လိမ်လည်မှုစွဲချက် (၆) ခုနဲ့ တရားစွဲဆိုခံရပြီးနောက် ထောင်ဒဏ် (၈) နှစ်ကျခံရနိုင်ဖွယ်ရှိပေမဲ့ ဒီအခွန်လိမ်လည်မှုစွပ်စွဲချက်တွေကို ခုခံဖို့ ဆုံးဖြတ်ထားပါတယ်။ စပိန်နိုင်ငံတွင်းမှာ ၁၈၃ ရက်ထက် ပိုမနေခဲ့ဘူးလို့ Elle ဖက်ရှင်မဂ္ဂဇင်းရဲ့အင်တာဗျူးမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။

“ဒါတွေက မှားယွင်းတဲ့စွပ်စွဲချက်တွေဖြစ်တာကြောင့် ကျွန်မယုံကြည်တဲ့အရာအတွက် တိုက်ပွဲဝင်သွားမယ်။ ပထမဆုံးအနေနဲ့ အဲဒီတုန်းက တစ်နှစ်ကို ၁၈၃ ရက်ထက်ပို မနေခဲ့ဘူး။ ကမ္ဘာအနှံ့ ကျွန်မရဲ့ပရောဖက်ရှင်နယ်အလုပ်တွေကို လုပ်ရင်း အလုပ်များနေခဲ့တယ်။ ဒုတိယအနေနဲ့ တရားမစွဲခင်မှာတောင် သူတို့တောင်းထားတဲ့အရာအားလုံးကို ကျွန်မ ပေးဆောင်ခဲ့ပြီးပြီ။

ဒါကြောင့် ဒီနေ့အထိ သူတို့ကိုပေးစရာ ဘာမှမရှိဘူး။ နောက်ဆုံးအနေနဲ့ ကမ္ဘာမှာ အကြီးဆုံးအခွန်ဝန်ဆောင်မှုကုမ္ပဏီ (၄) ခုထဲက တစ်ခုဖြစ်တဲ့ PricewaterhouseCoopers က ကျွန်မကို အကြံပေးနေတယ်။ ဒါကြောင့် ကျွန်မ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နေတဲ့အတွက် ယုံကြည်မှုရှိတယ်”လို့ ရှာကီရာက ပြောပါတယ်။

ဒဏ်ငွေပေါင် ၁၉.၂ သန်းပေးဆောင်ဖို့လည်း ချမှတ်ခံရတဲ့ ရှာကီရာဟာ စပိန်အစိုးရရဲ့စွပ်စွဲချက်တွေက ဖန်တီးလုပ်ယူထားတာဖြစ်ပြီး အာဏာပိုင်တွေက ဆယ်လီတွေနဲ့ ပုံမှန်အခွန်ပေးဆောင်သူတွေကို ဒါမျိုး မကြာခဏပြုလုပ်လေ့ရှိတယ်။ ဒီအမှုအတွက် သက်သေလုံလုံလောက်လောက်ရှိပြီး တရားမျှတမှုက အောင်နိုင်မယ်လို့ ယုံကြည်ထားကြောင်း အခိုင်အမာဆိုပါတယ်။ ရှာကီရာဟာ ပီကေးနဲ့အတူ နေထိုင်ဖို့ ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာမြို့ကို ပြောင်းရွှေ့ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အခွန်ရှောင်ဖို့ ပြည်ပမှာ နေထိုင်ချင်ယောင်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အကောက်ခွန်စစ်ဆေးရေးမှူးတွေက ရှာကီရာဟာ အဲဒီတုန်းက တစ်နှစ်ကျော်လောက် စပိန်မှာ နေထိုင်ခဲ့ပြီး ဘာစီလိုနာမြို့က ဆံပင်ညှပ်ဆရာတွေဆီတောင် အလည်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က ရှာကီရာဟာ စပိန်မှာ ၂၀၁၂ ခုနှစ်က ၂၄၂ ရက်၊ ၂၀၁၃ ခုနှစ်မှာ ၂၁၂ ရက်နဲ့ ၂၀၁၄ ခုနှစ်မှာ ၂၄၃ ရက် နေထိုင်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ စပိန်နိုင်ငံမှာ ခြောက်လထက် ပိုကြာမြင့်စွာ နေထိုင်သူတွေက အခွန်ပေးဆောင်ရပါတယ်။

Ref: AsiaOne “Shakira says tax fraud allegations against her are false”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top