၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် မှောင်စပျိုးချိန် . . . .
အာမေးနီးယားနိုင်ငံ၊ ယီရီဗန်ရေကန်ကြီးတစ်ဝိုက်မှာ တိတ်ဆိတ်ငြိမ်သက်နေရာကနေ ရုတ်တရက် အော်သံတွေနဲ့ ဆူညံသွားခဲ့တယ်။ ခရီးသည်အပြည့် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ဆည်ထဲ ပြုတ်ကျသွားခဲ့တာပါ။
ညနေခင်း အပြေးလေ့ကျင့်ရာကနေ ပြန်လာတဲ့ ရေကူးချန်ပီယံ ကာရာပတ်ယန်က ဒီဖြစ်ရပ်ကို သိသိချင်း တုံ့ဆိုင်းမနေဘဲ ရေထဲ ပြေးဆင်းသွားခဲ့တယ်။ ဘတ်စ်ကားဆီကို ရောက်ဖို့ ၅ ကီလိုမီတာလောက် ရေကူးသွားခဲ့ရတာပါ။ သူ ရောက်သွားတော့ ဘတ်စ်ကား တံခါးက ပိတ်ထားတာ တွေ့ရတယ်။

သူက ဘတ်စ်ကား နောက်မှန်ကို ခြေထောက်နဲ့ကန်ခွဲပြီး ဘတ်စ်ကားထဲက လူတွေကို တစ်ယောက်ချင်းစီ ကယ်ထုတ်ခဲ့တယ်။ တကယ့်ကို မဖြစ်နိုင်လောက်ဘူးလို့ ထင်ရတဲ့အရာတစ်ခုကို သူ လုပ်နေခဲ့တာပါ။ ဘတ်စ်ကားထဲကနေ ကာရာပတ်ယန် ကယ်ထုတ်ခဲ့သူတွေထဲမှာ လူအယောက် ၂၀ အသက် ရှင်ခဲ့တယ်။
ဘတ်စ်ကားထဲက လူတွေအားလုံးကို ဆွဲထုတ်ပြီးချိန်မှာတော့ ကာရာပတ်ယန်လည်း ခြေကုန်လက်ပန်းကျပြီး သတိလစ် လဲကျသွားပါတော့တယ်။ ကားမှန်ကို ကန်ခွဲပြီး ဖွင့်ထားတာကြောင့် သူ့ခြေထောက်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ။
သူ့ကို ဆေးရုံပို့ခဲ့ရပြီး ၄၅ ရက်ကြာ ကုသပေးခဲ့ရတယ်။ သူ့အဆုတ်ကလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်။ အဆုတ်အခြေအနေကြောင့် အားကစားပြိုင်ပွဲတွေမှာ ဝင်မပြိုင်ဖို့ ဆရာဝန်တွေက တားမြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ကာရာပတ်ယန်က ရေကူးအားကစားနည်းကို မစွန့်လွှတ်ခဲ့ဘူး။ နောက်တစ်နှစ်အကြာမှာ ရေကူးပြိုင်ပွဲဝင်ခဲ့ပြီး သူ့ရဲ့ ၁၁ ကြိမ်မြောက် ကမ္ဘာ့စံချိန်တင် စွမ်းဆောင်မှုနဲ့အတူ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘတ်စ်ကား ရေထဲထိုးကျသွားတဲ့ဖြစ်ရပ်မှာ ကာရာပတ်ယန်ကလွဲပြီး အခြားဘယ်သူကမှ သူ့လို စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ သူ့ကြောင့်သာ လူအယောက် ၂၀ အသက်ရှင်ခွင့်ရတာလို့ ယနေ့ခေတ်ပညာရှင်တွေက တညီတညွတ်တည်း သုံးသပ်ထားကြပါတယ်။
ဒါကြောင့်ပဲ သူရဲကောင်းတွေဆိုတာ အောင်ပွဲကနေ ထွက်ပေါ်လာတာ မဟုတ်ဘူး၊ စွန့်လွှတ်ပေးဆပ်မှုကနေ ထွက်ပေါ်လာကြတာလို့ ဆိုစမှတ် ရှိကြတာ ဖြစ်ပါလိမ့်မယ်။
Ref: Shavarsh Karapetyan
NZ ( ရိုးရာလေး)

