McDonald’s ဆိုင်ဝန်ထမ်းဘဝကနေ အာကာသဆီ သွားရောက်ခဲ့တဲ့ ပထမဆုံးမက္ကဆီကန်နွယ်ဖွားအမျိုးသမီးဖြစ်လာခဲ့သူ

29-6-2022-yyl04.jpg

ကတ်ရာ အီချာဇာရာတာရဲ့ဘဝခရီးက ထူးခြားတယ်လို့ဆိုရမှာပါပဲ။ အသက် ၁၇ နှစ်အရွယ်မှာ မိသားစုကို ထောက်ပံ့ဖို့ McDonald’s ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။အသက် ၂၆ နှစ်အရွယ်ရောက်တော့ သူဟာ အာကာသထဲ သွားနိုင်ခဲ့တယ်။ ကတ်ရာဟာ ဂျက်ဖ် ဘေးဇို့စ်ရဲ့ Blue Origin ကုမ္ပဏီကတည်ဆောက်ပြီး လွှတ်တင်တဲ့ ဒုံးပျံတစ်စင်းနဲ့အတူ အာကာသအစွန်းဆီ သွားရောက်ခဲ့တဲ့အဖွဲ့ထဲ ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် သူက အာကာသဆီ သွားရောက်ခဲ့တဲ့ ပထမဆုံးမက္ကဆီကန်နွယ်ဖွားအမျိုးသမီးဖြစ်ခဲ့ပါတယ်။

ဒါက သူ့ရဲ့အိပ်မက်ပြည့်မြောက်တာထက် သာလွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တယ်လို့ ဘဝတစ်လျှောက်လုံး အာကာသထဲသွားရဖို့ အိပ်မက်မက်နေခဲ့ရတဲ့ ကတ်ရာက ဆိုပါတယ်။ အာကာသထဲ သွားခဲ့ရတဲ့အတွေ့အကြုံကို ပြန်စဉ်းစားကြည့်ရင်တောင် ဝမ်းသာလွန်းလို့ မျက်ရည်တွေဝဲရတယ်၊ ကမ္ဘာမြေကြီးကို ငုံ့ကြည့်မိလိုက်ချင်းမှာပဲ မျက်ရည်တွေကျလာခဲ့တယ်၊ အဲဒီမျက်ရည်က ကမ္ဘာမြေကြီးကို ဂရုစိုက်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိလာစေခဲ့တယ်လို့ ကတ်ရာက ပြောပါတယ်။

အာကာသဆီ သွားရောက်ခဲ့တဲ့ ပထမဆုံးမက္ကဆီကန်နွယ်ဖွားအမျိုးသမီးဖြစ်လာခဲ့တဲ့ ကတ်ရာ

ကတ်ရာက မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဟာရာမြို့ဇာတိ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ပါ။ သူဟာ အာကာသထဲ သွားဖို့ Space for Humanity လို့ခေါ်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းကတဆင့် လျှောက်ထားသူ(၁) ထောင်ကျော်ကနေ ရွေးချယ်ခံခဲ့ရတာပါ။ ၁၉၈၅ခုနှစ်က နာဆာရဲ့အာကာသလွန်းပျံယာဉ်မစ်ရှစ်မှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင် ရိုဒေါလ်ဖို နယ်ရီ ဗီလာ ပြီးရင် ကတ်ရာက အာကာသထဲသွားရောက်တဲ့ ဒုတိယမက္ကဆီကန်နိုင်ငံသားဖြစ်ပါတယ်။

ဒုံးပျံနဲ့အာကာသထဲသွားရောက်တဲ့ သူတို့အဖွဲ့ရဲ့အကြီးမားဆုံးဆန္ဒက ဒီအတွေ့အကြုံဟာ လူငယ်တွေကို အိပ်မက်တွေ၊ ရည်မှန်းချက်တွေထားဖို့၊ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့သင်္ချာ)မှာ မိမိကိုယ့်ကိုယ်ကို နှစ်မြှုပ်ထားဖို့၊ ပိုကောင်းတဲ့အနာဂတ်တည်ဆောက်ဖို့ တွန်းအားဖြစ်စေဖို့ပါပဲ။ကတ်ရာက မက္ကဆီကိုမှာ မွေးဖွားခဲ့ပေမဲ့ အသက် ၇ နှစ်မှာ သူ့မိသားစုနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဘာသာစကားမပြောတတ်လို့ အံဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အသက် ၁၇ နှစ်မှာ McDonald’s ဆိုင်ရဲ့ဝန်ထမ်းဖြစ်ခဲ့တဲ့ ကတ်ရာ

အသက် ၁၇-၁၈ လောက်မှာ ကတ်ရာက McDonald’s မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ သူ့မိသားစုအတွက် အဓိကထောက်ပံ့ပေးသူဖြစ်ခဲ့တယ်။ တစ်ခါတည်းနဲ့ အလုပ် (၄) ခုအထိ လုပ်ခဲ့တယ်။ ကောလိပ်တက်ရဖို့က သူ့အတွက် အရေးကြီးတဲ့အတွက် ကောလိပ်တက်ခွင့်ရဖို့ ကြိုးစားခဲ့တယ်။ ကယ်လီဖိုးနီးယားမှာရှိတဲ့ နာဆာရဲ့ Jet Propulsion Laboratory မှာလည်း (၄) နှစ် အလုပ်လုပ်ခဲ့ပါတယ်။ အခု သူဟာ Johns Hopkins University မှာ အင်ဂျင်နီယာမဟာဘွဲ့ရဖို့ လုပ်ဆောင်နေပါတယ်။

ကတ်ရာဟာ သူ့ရဲ့အသိုင်းအဝိုင်းက လူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

Ref: Upworthy “She was working at McDonald’s at 17 and now she’s become the first Mexican-born woman in space”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top