ပီဇာပို့ရာကနေ အသက်ကယ်တင်ရှင်ဖြစ်လာခဲ့သူ

3-5-2022-yyl01.jpg

အမျိုးသမီးတစ်ဦးရဲ့အသက်ကို ပါဆယ်ပို့သမားတစ်ဦး ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု မက်ဆာချူးဆက်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ အ​ဖြစ်အပျက်ကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကပါ။ ကာရင် ဟာဘတ် ဆူလီဗန် ဆိုသူအမျိုးသမီးဟာ ညဘက်ကြီး ဖုန်းနဲ့ ဆိုင်တစ်ဆိုင်ကနေ ပီဇာမှာယူခဲ့ပါတယ်။ ကာရင်ရဲ့ပီဇာအော်ဒါကို ဆိုဖီယာ ဖူတာဒိုဆိုတဲ့ DoorDash ပါဆယ်ပို့​ကားမောင်းသမားက လာပို့တော့ ည ၁ဝ နာရီဝန်းကျင်ရှိနေပြီ။ ဆိုဖီယာ ရောက်သွားတော့ ကာရင်ဟာ အိမ်အပြင်ဘက်မြေကြီး​​ပေါ်လဲနေပြီး ခေါင်းမှာ သွေးထွက်နေတာကိုတွေ့ခဲ့ရပါတယ်။

လက်ထိခိုက်ခဲ့ဖူးတဲ့၊ ဒူးနာရောဂါလည်းရှိတဲ့ ကာရင်​က အပြင်မှာ ပီဇာ လာပို့တာကိုစောင့်ရင်း လက်ထိခိုက်ဒဏ်နဲ့ဒူးနာတဲ့ ဒဏ်တွေကြောင့် လဲကျပြီး ခေါင်းကို ရိုက်မိသွားခဲ့ပုံပါပဲ။ ဆိုဖီယာက Emergency Medical Technician ကျောင်းမှာ လေ့ကျင့်ရေးဆင်းတုန်းက ဆေးပညာအသိရှိတဲ့သူတစ်ယောက်ပါ။ ကာရင်ရဲ့သွေးတွေ ခဲနေတာကို သူ သတိထားမိခဲ့ပြီး ကာရင် အပြင်မှာလဲကျနေတာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ရှိပြီလို့ ခန့်မှန်းမိခဲ့ပါတယ်။

ကာရင်ရဲ့ခင်ပွန်းဖြစ်သူ ရောဘတ်က အိမ်ထဲမှာအိပ်ပျော်နေခဲ့ပါတယ်။ ဆိုဖီယာ ဖုန်းဆက်လိုက်မှ နိုးလာခဲ့ပါတယ်။ ဆိုဖီယာက ၉၁၁ ကို ဖုန်းဆက်ခေါ်နေတဲ့အတွက် ရောဘတ်ကို လိုအပ်တဲ့ပစ္စည်းတွေကို သွားယူခိုင်းခဲ့ပါတယ်။ ဆိုဖီယာက ဆေးအဖွဲ့လာတဲ့အထိ ကာရင်ရဲ့ကျောရိုးမထိခိုက်ဖို့အတွက် လည်ပင်းကို ထိန်းထားပေးခဲ့ပါတယ်။ ဆေးရုံကို ပို့ဆောင်တဲ့အထိလည်း ဆိုဖီယာက ကာရင်နဲ့ ရှိနေပေးခဲ့ပါတယ်။

ကာရင်က ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တဲ့အတွက် ၃ ပတ် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်နေတဲ့အချိန်အတွင်း ခင်ပွန်းနဲ့သမီးဖြစ်သူတွေက အချိန်​​ပြည့် ဘေးမှာရှိနေပေးခဲ့ပါတယ်။ မတ်လမှာ ကာရင် ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်ခဲ့ပါတယ်။မတ်လကုန်မှာ ကာရင်က အပြည့်အဝကောင်းမွန်လာမယ်လို့ ယူဆထားခဲ့ပေမဲ့ အကြားအာရုံ ၆၀ ရာခိုင်နှုန်းဆုံးရှုံးသွားခဲ့ပါတယ်။ အခုဆိုရင် ကာရင်က အနီးနားကိုပဲ ကားမောင်းနိုင်တော့ပါတယ်။

ကာရင်က မကောင်းတဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပေမဲ့ ဆိုဖီယာနဲ့တော့ မိတ်ဆွေတွေဖြစ်သွားခဲ့ပါတယ်။ ကာရင်က သူ့ကို ဆိုဖီယာ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။ ဆိုဖီယာက သူ့ရဲ့ကယ်မစောင့်ရှောက်သူနတ်ပါတဲ့။ အဲဒီနေရာမှာ ဆိုဖီယာသာ မရှိရင် သူ သေသွားမှာလို့ ပြောပါတယ်။ ကာရင်နဲ့ဆိုဖီယာတို့က မိသားစုအချင်းချင်းလည်း တွေ့ဆုံဖြစ်ကြပါတယ်။

ဆိုဖီယာက ကာရင်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က DoorDash ကုမ္ပဏီရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။ DoorDash က သူ့ကို ဆေးပညာသင်ယူဖို့ ပညာရေးထောက်ပံ့ကြေး ဒေါ်လာ ၁၀၀၀ ချီးမြှင့်ခဲ့ပါတယ်။ Fairhaven ရဲတပ်ဖွဲ့ကလည်း သူ့ကို အသက်ကယ်တင်ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီလို အသိအမှတ်ပြုမှုတွေက ဆိုဖီယာကို စပရိုက်ဖြစ်စေခဲ့ပါတယ်။ ဆိုဖီယာကတော့ ဒါတွေကို မမျှော်လင့်ခဲ့ဘူး။ ကာရင်လို ​အဖြစ်အပျက်မျိုးကြုံလာခဲ့ရင် ဘယ်သူကိုမဆို လုပ်ပေးသွားမှာပါတဲ့။

အရင်ကတည်းက ဆိုဖီယာက DoorDash ကားမောင်းသမားဖြစ်ခဲ့ပြီး ဇန်နဝါရီက အလုပ်ပြန်ဝင်လုပ်ခဲ့တာပါ။ သူ့မိသားစု ငွေကြေးအဆင်ပြေလာတဲ့အခါ EMT ကျောင်းအတွက် ငွေပိုသုံးဖို့ ဆိုဖီယာ မျှော်လင့်နေပါတယ်။ သူနဲ့ကာရင်တို့က အဆက်အသွက်မပြတ်ကြဘဲ ထပ်ပြီး တွေ့ဆုံကြဖို့ အစီအစဥ်ရှိနေပါတယ်။

Ref: CNN “‘She’s my guardian angel’: DoorDasher saves Massachusetts woman’s life while delivering pizza”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top