အသက် ၂၆ နှစ်အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ကြောင်

24-11-2022yyl08.jpg

လန်ဒန်အရှေ့တောင်ပိုင်း၊ အောပန်တန်မြို့လေးက ဖလော်စီဆိုတဲ့ ကြောင်ဟာ အသက် ၂၇ နှစ်မပြည့်ခင် ရက်ပိုင်းအလိုမှာ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။ ဖလော်စီဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့မှတ်တမ်းမှာ တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် သတ်မှတ်ခဲ့တာပါ။

“ချစ်စရာကောင်းတဲ့ ဖလော်စီအကြောင်း ကြားရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ အသက် ၂၆ နှစ်က လူ့အသက် ၁၂၀ ကျော်နဲ့ ညီမျှပါတယ်။ ဖလော်စီကို သူ့ရဲ့ဘဝမှာ ရထိုက်တဲ့ စိတ်ချမ်းသာမှုတွေနဲ့ ပျော်ရွှင်စွာ အခြေချနေထိုင်နေတာတွေ့ရတော့ ပျော်ရွှင်မိပါတယ်။ ” လို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းရဲ့အယ်ဒီတာချုပ် ခရိတ် ဂလန်ဒေးက ပြောပါတယ်။

Tortoiseshell ကြောင်အမျိုးအစားဖြစ်တဲ့ ဖလော်စီဟာ ကြောင်ပေါက်လေးဘဝတုန်းက Merseyside ဆေးရုံအနီးမှာ လမ်းဘေးကြောင်တစ်ကောင်ဖြစ်ခဲ့တာပါ။ အလုပ်သမားတစ်ယောက်က သူ့ကို ခေါ်မွေးခဲ့ပြီး အဲဒီမိသားစုနဲ့ (၂၄) နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ပိုင်ရှင်တွေ သေဆုံးသွားပြီးတဲ့နောက်မှာတော့ Cat Protection အဖွဲ့အစည်းက သူ့ကို အသက် ၂၇ နှစ်အရွယ် ဗစ်ကီ ဂရင်းဆီ ပေးခဲ့တာပါ။ ဖလော်စီက ထူးခြားတဲ့ကြောင်တစ်ကောင်ဆိုတာ အစကတည်းက သိခဲ့ပေမဲ့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကို ကိုင်ဆောင်ထားတဲ့သူနဲ့ တစ်အိမ်တည်းမှာ နေရမယ်လို့တော့ မထင်ထားခဲ့ဘူးလို့ သူ့သခင် ဗစ်ကီက ပြောပါတယ်။

ဖလော်စီက နားမကြားသလို မျက်စိလည်းမှုန်ပေမဲ့ အဲဒါတွေကို သူ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ပုံမပေါ်ဘူး။ သူက ချစ်ခြင်းမေတ္တာကို မြတ်နိုးတယ်။ အစားအစာဆိုရင်လည်း အရမ်းစားချင်စိတ်ရှိတယ်။ သူ့ရဲ့အကြိုက်ဆုံးအဝါရောင်စောင်ပေါ် တိုးဝှေ့ပြီး အိပ်နေတဲ့အချိန်ကလွဲလို့ အစားအသောက်ကောင်းကောင်းဆို ဘယ်တော့မှ မငြင်းဘူးလို့သိရပါတယ်။

Ref: Dailymail “She’s feline fine! Former stray cat Flossie is crowned the world’s oldest moggie at the age of 26”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top