ထိုင်ဝမ် Shipping ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို (၅၂) လစာအထိဘောနပ်ပေးမယ်လို့ သတင်းမှာ ဖော်ပြ

4-1-2023-yyl-41.jpg

ထိုင်ဝမ်ရဲ့အကြီးဆုံးပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Evergreen Marine က ဝန်ထမ်းတွေကို ၅၂ လစာအထိဘောနပ်တွေ ပေးမယ်လို့ Taipai Times သတင်းမှာ ဖော်ပြပါတယ်။ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးသတင်းမီဒီယာ TradeWinds မှာလည်း ဒီသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ထမ်းအများစုကို ၁၀ လ ကနေ ၂၅ လကြား ဘောနပ်တွေ ပေးအပ်ခဲ့ပြီး အလုပ်စွမ်းဆောင်ရည်ကောင်းတဲ့သူတွေကိုတော့ ၅၂ လစာအထိ ပေးခဲ့တယ်လို့ ထိုင်ဝမ်မီဒီယာ Liberty Times ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကုမ္ပဏီကတော့ ဘောနပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ Central News Agency က ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတော့ ကုမ္ပဏီက ဘောနပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးမတိုင်ခင် ဘောနပ်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့အလုပ်စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဘောနပ်‌တွေပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အငယ်တန်းဝန်ထမ်းတစ်ဦးရဲ့လစဉ်လစာက ထိုင်ဝမ်ဒေါ်လာ ၄၀၀၀၀ (စင်ကာပူဒေါ်လာ ၁၇၅၀) ကနေ ထိုင်ဝမ်ဒေါ်လာ ၅၀၀၀၀ (စင်ကာပူဒေါ်လာ ၂၂၀၀) ရှိတယ်လို့ ဟောင်ကောင်မီဒီယာ HK01 က ဆိုထားပါတယ်။ Evergreen Marine ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်က လ ၄၀ စာအထိ နှစ်ကုန်ဘောနပ်တွေ ပေးခဲ့တယ်လို့ Central News Agency က ဖော်ပြပါတယ်။

ကုမ္ပဏီရဲ့အမြတ်ငွေကြောင့်ပဲ ဝန်ထမ်းတွေအတွက် အခုလို ဘောနပ်တွေပေးဖို့ဖြစ်လာခဲ့တာပါ။ ကုမ္ပဏီရဲ့အမြတ်ငွေက ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ၉၂ ရာခိုင်နှုန်းတိုးလာပါတယ်။ အဲဒီကာလအတွင်း ကုမ္ပဏီရဲ့အမြတ်ငွေက ထိုင်ဝမ်ဒေါ်လာ ၃၀၄.၃၅ ဘီလျံ (စင်ကာပူဒေါ်လာ ၁၃.၂၉ ဘီလျံ) ရှိတယ်လို့ သိရပါတယ်။

Ref: Mothership “Shipping company Evergreen reportedly giving staff up to 52 months’ bonus: Taiwan media”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top