ကိုယ်ချစ်ခင်ရတဲ့မိသားစုဝင်တွေကို အချိန်မပေးသင့်ဘူးလား

family-essay.jpg

ဒီနေ့ခေတ်မှာတော့ လူတိုင်းက ရုန်းကန်လှုပ်ရှားနေကြရတာပါ။ အလုပ်သွားဖို့ ကားကြပ်တာကို သည်းခံရတဲ့အချိန်ကနေအစပြုလို့ အလုပ်ပြန် ကားပေါ်မှာကြပ်ညပ်နေတဲ့အထိ၊ မပြေလည်မှုတွေနဲ့ စိတ်ညစ်ညူးစရာ တွေကိုတင်းခံပြီး တစ်နေ့တာကိုဖြတ်သန်းနေကြရတာ အပြင်ထွက်အလုပ်လုပ်နေကြရတဲ့ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေ အများစုဖြစ်မယ်ထင်ပါတယ်။

မိသားစုအတူတူ တစ်အိမ်ထဲနေလို့မှ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်နွေးနွေးထွေးထွေးမနေဖြစ်တာတွေလည်း ကြုံနေကျလို ဖြစ်လာကြတာပါပဲ။ ဒါပေမဲ့ အသက်ရှင်နေထိုင်စဉ်ကာလတစ်လျှောက်မှာ ကိုယ်ချစ်ခင်တွယ်တာရသူတွေကို ဂရုစိုက်ပြီးတန်ဖိုးထားဖို့က တကယ်လိုအပ်ပါတယ်။ အထူးသဖြင့် မိသားစုထဲမှာ အသက်အရွယ်အိုမင်းနေတဲ့ အဘိုး အဘွား ဒါမှမဟုတ် အထီးကျန်နေတဲ့ အဖေ၊ အမေ ရှိနေတယ်ဆိုရင် သူတို့ကိုဂရုစိုက်ပေးပါ။ နွေးနွေးထွေးထွေးစကားပြောပေးပြီး ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နေပေးပါ။

မြန်မာနိုင်ငံက အသက် (၆၀) ကျော် (၇၀) ဝန်းကျင် လူကြီးသူမတွေကိုကြည့်မယ်ဆိုရင် တရားဓမ္မအပြင် သားသမီးတွေ၊ မြေးတွေ နဲ့ပဲ နီးစပ်အောင် ပျော်အောင် နေတတ်ကြတာများပါတယ်။ တခြားနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ အထီးကျန်အဖော်မဲ့နေတာတွေကိုကြည့်ပြီး ငါတို့နိုင်ငံမှာတော့ ဒီလိုမဟုတ်ဘူးဆိုပြီး ဂုဏ်ယူပျော်ရွှင်ခဲ့ရတာတွေကို မှတ်မိဦးမယ်ထင်ပါတယ်။ ဒီအလေ့အကျင့်က မဖြစ်မနေ ဆက်လက် ထိန်းသိမ်းသွားသင့်တဲ့အရာတွေထဲကတစ်ခုပါ။

မိသားစုဆိုတာ တကယ်ကို တန်ဖိုးကြီးတဲ့အရာတစ်ခုပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ မခွဲမခွာနေရသူတွေရှိနိုင်သလို ကိုယ်ချစ်ခင်ရသူတွေရဲ့ အဝေးမှာ ရုန်းကန်နေရသူတွေလည်းရှိမှာပါပဲ။ ဝေးကွာနေရင်တောင် ဖုန်းလေး ပုံမှန်ဆက်တာပဲဖြစ်ဖြစ်၊ အနီးကပ်အတူတူရှိနေရရင် ကိုယ်ချစ်ခင်ရတဲ့မိသားစုနဲ့ ထမင်းအတူတူစားပြီး စကားအေးဆေးပြောကြတာမျိုးပဲဖြစ်ဖြစ် အချိန်ပေးဖို့ဆိုတာ တကယ်တော့ အရမ်းကြီးခက်ခဲတဲ့ အလုပ်လည်းမဟုတ်ဘူးလို့ ထင်ပါတယ်။

ကိုယ် Facebook ကြည့်နေတဲ့အချိန်လေးတွေထဲက၊ ကိုယ် အွန်လိုင်းပေါ်ကလူတွေနဲ့ စကားတွေပြောနေတဲ့အချိန်တွေထဲက၊ ကိုယ်အပြင်လူတွေနဲ့ ဖုန်းပြောနေတဲ့အချိန်တွေထဲက တတ်နိုင်သမျှအချိန်ကလေးတွေဖဲ့ပြီး ကိုယ်ချစ်ခင်ရတဲ့ ကိုယ့်ကိုချစ်ခင်တန်ဖိုးထားတဲ့မိသားစုကို နွေးနွေးထွေးထွေးဆက်ဆံပေးဖို့ တိုက်တွန်းပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top