ချက်ဒ်ဝစ် ဘို့စ်မန်းဟာ သူ့အတွက် တကယ့်ဟီးရိုးတစ်ယောက်ပါဆိုတဲ့ မင်းသမီးဆီအန်နာ မေးလ်လာ

2-1-2020-yyl-031.jpg

သြဂုတ်လမှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ The Black Panther ဇာတ်ကောင်ဟီးရိုး ချက်ဒ်ဝစ် ဘို့စ်မန်းဟာ အခုလထုတ် Empire မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာပါဝင်ခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ မင်းသားနဲ့ပတ်သက်တဲ့ အင်တာဗျူးတွေနဲ့ အနုပညာရှင်တချို့ရဲ့ သတိရလွမ်းဆွတ်တဲ့အကြောင်းတွေ၊ အမှတ်တရတွေနဲ့အပြည့်ပါပဲ။ ချက်ဒ်ဝစ် ဘို့စ်မန်းနဲ့အတူ “21 Bridges” ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဆီအန်နာ မေးလ်လာကလည်း ချက်ဒ်ဝစ် ဘို့စ်မန်းကို အပြင်လောကက စူပါဟီးရိုးအဖြစ် သတ်မှတ်ထားကြောင်းနဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။

ဆီအန်နာ မေးလ်လာဟာ ဘို့စ်မန်းက သူ့ရဲ့အလုပ်ကို အားပေးခဲ့ပြီး ဇာတ်ကားတွေမှာလည်း သူ့ကို ပါဝင်စေချင်တယ်လို့ ပြောပါတယ်။ “ဘို့စ်မန်းက ကျွန်မကို ဇာတ်ကား ရိုက်ဖို့ပြောပါတယ်။ ဒီဇာတ်ကားမှာ ကျွန်မ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာပါ။ ကျွန်မ အလုပ်လုပ်ချင်စိတ်မရှိတော့တဲ့ အချိန်မှာပေါ့။ ကျွန်မ အလုပ်တွေ မရပ်တမ်းလုပ်နေခဲ့ရလို့ စိတ်ပျက်နေပေမဲ့ သူနဲ့အတူ ဇာတ်ကားရိုက်ချင်ခဲ့ပါတယ်”လို့ဆိုပါတယ်။ အနုပညာကြေးအများကြီးရဖို့လည်း ဘို့စ်မန်းက လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဘို့မန်းက ဆီအန်နာ မေးလ်ရဲ့အနုပညာကြေးအများကြီးရဖို့အတွက် သူ့ရဲ့အနုပညာကြေးတချို့ကို လျှော့ယူခဲ့တာပါ။

“ကျွန်မ ဒီအကြောင်းကို ပြောရမလား မပြောရမလား မသိခဲ့ဘူး။ မပြောဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘို့စ်မန်း ဘယ်လိုလူစားမျိုးလဲဆိုတာကို သက်သေပြနေတာဖြစ်တဲ့အတွက် ကျွန်မ ပြောပြတာပါ”လို့ ဆီအန်နာက ပြောပါတယ်။ ဆီအန်နာဟာ ရုပ်ရှင်စတူဒီယိုက သူ့ကိုမပေးတဲ့ အနုပညာကြေးကို တောင်းယူခဲ့ရပါတယ်။ ဟောလိဝုဒ်မှာ အမျိုးသားနဲ့အမျိုးသမီးကြား အနုပညာကြေးကွာခြားမှုရှိတဲ့အတွက် ဆီအန်နာဟာ သူ့သမီးကျောင်းစတင်နေကတည်းက ဇာတ်ကားတွေပြန်ရိုက်ကူးဖို့ တုံ့ဆိုင်းနေခဲ့တယ်။ ဒါကြောင့် အနုပညာကြေး မှန်မှန်ကန်ကန်ရမယ်ဆိုရင်တော့ ဇာတ်ကားရိုက်မှာလို့ ပြောခဲ့တာပါ။ “ဘို့စ်မန်းက ကျွန်မ တောင်းတဲ့ ပမာဏကို ရဖို့အတွက် သူ့ရဲ့အနုပညာကြေးတချို့ကို ကျွန်မ့ကိုပေးခဲ့တာပါ။ ဒီလောက်ပမာဏ ရဖို့ ကျွန်မနဲ့ထိုက်တန်တယ်လို့ သူပြောသေးတယ်”လို့ ဆီအန်နာက ဘို့စ်မန်းရဲ့ ရက်ရောတတ်မှုနဲ့ပတ်သက်ပြီးပြောပါတယ်။

ဆီအန်နာက မိမိရဲ့အနုပညာကြေးတချို့ကို သူများအတွက် ရက်ရက်ရောရောပေးတဲ့ဘို့စ်မန်းလိုယောက်ျားမျိုးရှိတယ်လို့ စိတ်တောင်မကူးမိခဲ့ဘူးလို့ ဆိုပါတယ်။ ဘို့စ်မန်းကတော့ တကယ့်ဟီးရိုးတစ်ယောက်လို အခြားသူကို ရက်ရက်ရောရောနဲ့ကူညီပေးခဲ့တာပါ။ ဘို့စ်မန်းက သူ့ရဲ့အနုပညာကြေးတချို့ကို ဆီအန်နာကို ပေးတော့လည်း ဂုဏ်ဆာပြီး အခြားသူတွေကို ထုတ်ပြခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး။ ဆီအန်နာ ရသင့်ရထိုက်တယ်လို့ တွေးပြီး ပေးခဲ့တာဖြစ်တယ်လို့ ဆီအန်နာရဲ့ထုတ်ပြောပြချက်အရသိရပါတယ်။

ချက်ဒ်ဝစ် ဘို့စ်မန်းဟာ ၂၀၁၆ခုနှစ်ကတည်းက အူမကြီးကင်ဆာရောဂါကို ခံစားနေရင်းနဲ့ “21 Bridges”၊ “Black Panther”၊ “Avengers”ဇာတ်ကားတွေရိုက်ကူးနေခဲ့တဲ့အပြင် ပရဟိတအလုပ်တွေလည်း လုပ်နေခဲ့တာပါ။ သူ ကင်ဆာရောဂါခံစားနေခဲ့ရတာကို သူ့လုပ်ဖော်ကိုင်ဖက်တွေတောင်မသိခဲ့ရပါဘူး။ လူတချို့တလေပဲ သူ့ရောဂါအကြောင်းကို သိခဲ့တာပါ။

Ref: CBSNews “Sienna Miller says Chadwick Boseman gave up part of his salary to boost her pay for “21 Bridges”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top