စုံတွဲတစ်တွဲကတော့ သူတို့ရဲ့မင်္ဂလာပွဲကို ထူးခြားတဲ့နည်းနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ သူတို့က အမြင့် ပေ ၁၄၀၀၀ အမြင့်မှ လေယာဉ်တစ်စင်းပေါ်ကနေ ခုန်ချကာ မင်္ဂလာပွဲဆင်နွှဲခဲ့တာပါ။ သူတို့ကတော့ ပရော်ဖက်ရှင်နယ်ကောင်းကင်လေထီးခုန်သမားတွေဖြစ်တဲ့ မိုက်ခ် မစ်စ်ရွန်းနဲ့ မီဂန် ဝေါ့ရှ်တို့စုံတွဲပါ။
Skydive Seneca Lake က သင်တန်းပို့ချသူတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးလုံးက မင်္ဂလာအခမ်းအနားမှူး၊ သတို့သား/သတို့သမီးအရံတွေနဲ့အတူ တစ်နာရီ မိုင် ၁၂၀ အထိအမြန်နှုန်းဖြင့် ကောင်းကင်လေထီးခုန်ခဲ့ကြတာပါ။
သတို့သမီး မီဂန်က လေထီးခုန်းတဲ့ပစ္စည်းတွေ ဘေးကင်းစွာဝတ်ဆင်နိုင်ဖို့အတွက် ပြုပြင်ထားတဲ့ မင်္ဂလာဂါဝန်ကို ဝတ်ဆင်ခဲ့တာပါ။ ခုန်ချတဲ့အချိန် လက်မှာ မင်္ဂလာပန်းစည်းကိုင်ထားပါတယ်။ သတို့သား မိုက်ခ်ကတေ့ာ အနောက်တိုင်းဝတ်စုံကို ဝတ်ပြီး ကောင်းကင်လေထီးခုန်ခဲ့တာပါ။
လေထီးခုန်တာကနေ မြေပြင်ပေါ်ရောက်ပြီးနောက် မီဂန်ရဲ့သင်တန်းသားဟောင်းတွေက သူ့ကို စောင့်နေခဲ့ပြီး သူက အခြားမင်္ဂလာဝတ်စုံကို ပြောင်းဝတ်ဆင်ကာ မင်္ဂလာပွဲကို ဆက်ပြီး ဆင်နွှဲခဲ့ပါတယ်။ ကောင်းကင်လေထီးခုန်တာက မိုက်ခ်နဲ့ မီဂန်တို့ရဲ့ Relationship မှာ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာပါ။
မိုက်ခ်က မီဂန်ရဲ့ ကောင်းကင်လေထီးခုန်ခြင်းသင်ပေးတဲ့သူဖြစ်ခဲ့တဲ့အချိန်မှာ သူတို့နှစ်ဦး စတွေ့ခဲ့ကြတာပါ။ သူတို့နှစ်ဦးက ကောင်းကင်လေထီးခုန်ပြီးတော့ စေ့စပ်ခဲ့ကြတာပါ။ မီဂန်ရဲ့ လေထီးပွင့်သွားတဲ့အချိန်မှာ လက်ထပ်ခွင့်တောင်းတာကို “Yes” လို့ အော်ပြောခဲ့တာဖြစ်ပါတယ်။
Ref: Skydiving couple gets married after 14,000-foot jump
WL (ရိုးရာလေး)

