ပညာရေးလှေကားနဲ့ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ခဲ့တဲ့ GPS စနစ်ရဲ့ ပဲ့ကိုင်ရှင် မေဝက်စ်

17-6-2022-yyl26.jpg

ယနေ့ခေတ်မှာ GPS စနစ်ကို အသုံးပြုသူ ဘီလျံချီ ရှိနေပေမဲ့ GPS စနစ်နောက်ကွယ်က အဓိကအရေးပါသူတစ်ယောက်ကိုတော့ သိသူနည်းပါတယ်။ သူကတော့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူ ဂလက်ဒီမေဝက်စ်ပါပဲ။ ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်သွင်ပြင်ကို သင်္ချာမော်ဒယ်အဖြစ် တွက်ထုတ်ပေးပြီး ဂြိုလ်တုကနေ တိုင်းတာပေးတဲ့ နည်းလမ်းတွေကို အဆင့်မြှင့်တင်ပေးခဲ့သူပါ။

အာဖရိကနွယ်ဖွား အမေရိကန် သင်္ချာပညာရှင် ဂလက်ဒီမေဝက်စ်ကို တောင်သူအလုပ်လုပ်တဲ့ ဖခင်နဲ့ ဆေးရွက်ကြီးစက်ရုံမှာ အလုပ်လုပ်တဲ့ မိခင်တို့က မွေးဖွားခဲ့တာပါ။ သူ့အဖေက မိသားစုစားဝတ်နေရေးအတွက် ရထားလမ်းအလုပ်သမားအဖြစ်လည်း ဝင်လုပ်ပါတယ်။ မေဝက်စ်ဟာ ကလေးဘဝတုန်းက မိသားစုစိုက်ခင်းထဲမှာ ဝိုင်းကူလုပ်ရင်း အချိန်ကုန်ခဲ့ရတာပါ။ ဒါပေမဲ့ သူက သူ့မိဘနှစ်ပါးနဲ့ သူ့မောင်နှစ်မတွေလို ပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့ စိတ်မပါပါဘူး။ ဒါကြောင့် ပညာကို ကြိုးစားသင်ယူခဲ့ပါတယ်။ ပညာရေးက သူ့ရဲ့ထွက်ပေါက်လို့ သဘောထားခဲ့ပါတယ်။

ဒါပေမဲ့ အထက်တန်းပညာရေးပြီးဆုံးအောင် သင်ယူဖို့ သူ့မိသားစုက အပြည့်အဝမထောက်ပံ့ပေးနိုင်ခဲ့လို့ ကလေးထိန်းအလုပ် ဝင်လုပ်ရင်း ကျောင်းတက်ခဲ့တာပါ။ ကလေးထိန်းလုပ်ရင်း ကျောင်းတက်ခဲ့ရပေမဲ့ သူတို့ကျောင်းရဲ့ အမှတ်အများဆုံး (၂)ဦးစာရင်းမှာ ပါဝင်ခဲ့လို့ ပညာသင်ဆုရပြီး ဗာဂျီးနီးယားကောလိပ် ( ယခု ဗာဂျီးနီးယားတက္ကသိုလ်)ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ မေဝက်စ်က ကောလိပ်မှာ အမျိုးသားအများစုယူလေ့ရှိတဲ့ သင်္ချာဘာသာရပ် ယူခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ ဘွဲ့ရ၊ ၁၉၅၅ ခုနှစ်မှာ မာစတာဘွဲ့ ရခဲ့တာပါ။

နောက်တစ်နှစ်အကြာမှာတော့ အမေရိကန်ရေတပ် Naval Proving Ground မှာ အလုပ်ခန့်အပ်ခံရပြီး နောက်ပိုင်းမှာ နက်ပဂျွန်းဂြိုလ်နဲ့ ယှဉ်တဲ့ ပလူတိုဂြိုလ်ရဲ့ ပုံမှန်လှုပ်ရှားမှုအကြောင်း သုတေသနလုပ်ခဲ့သူပါ။ အဲဒီကနေ ဂြိုဟ်တုတွေရဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရင်း ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်ကို မော်ဒယ်တွက်ထုတ်ခဲ့ပါတယ်။ ဒါဟာ GPS စနစ် ဖြစ်ပေါ်လာစေဖို့ အဓိကအထောက်အပံ့ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မေဝက်စ်ကို အမေရိကန်လေတပ်ရဲ့ ဂုဏ်ထူးဆောင်ခန်းမမှာ ထည့်သွင်းဂုဏ်ပြုခဲ့ကြပါတယ်။

နောက် ၃ နှစ်အကြာမှာတော့ ဗြိတိန်တော်ဝင်အင်ဂျင်နီယာအဖွဲ့က သူတို့ရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ မင်းသားဖီးလစ်ဆု (Prince Philip Medal) ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၉၁ နှစ်အရွယ်ရှိပါပြီ။ သူ့ရဲ့ ကြိုးပမ်းမှုတွေက GPS စနစ်ဖြစ်ပေါ်လာစေဖို့ အဓိကကျပေမဲ့ သူကိုယ်တိုင်ကတော့ GPS စနစ်ထက်စာရင် မြေပုံစာရွက်သုံးပြီး သွားရတာကို ပိုသဘောကျတယ်၊ တခြားအရာတွေထက် သူ့ဦးနှောက်ကို ပိုယုံတယ်လို့ မေဝက်စ်က ဆိုပါတယ်။

Ref: The woman behind GPS & Gladys West

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top