အိန္ဒိယနိုင်ငံအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုပြီး TikTok နဲ့ WeChat အပါအဝင် တရုတ်နိုင်ငံထုတ် app ၅၉ ခုကို ပိတ်ပင်

30-6-2020-yyl-007.jpg

အိန္ဒိယနိုင်ငံအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး TikTok နဲ့ တရုတ်နိုင်ငံထုတ် app ၅၀ ကျော်ကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။ အဲဒီ app တွေက အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ စည်းလုံးညီညွတ်မှု၊ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက ပိတ်ပင်လိုက်တဲ့ app ၅၉ ခုထဲမှာ TikTok နဲ့ WeChat တို့လို နာမည်ကျော် app တွေ ပါဝင်နေပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြား အငြင်းပွားဖွယ် နယ်စပ်ကိစ္စကြောင့် တင်းမာမှုမြင့်တက်လာပြီးနောက်မှာ အိန္ဒိယအစိုးရက အခုလို ပိတ်ပင်ခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လမှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးက လာဒက်ဒေသကို စစ်သည်တွေ ထပ်မံစေလွှတ်ခဲ့ပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ နှစ်နိုင်ငံ နယ်စပ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ အနည်းဆုံး အိန္ဒိယစစ်သည်အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ ဟိမဝန္တာနယ်စပ်ဒေသကို အပေါ်စီးက စီးမိုးမြင်ရတဲ့နေရာမှာ တရုတ်နိုင်ငံက အဆောက်အအုံသစ်က တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံထုတ် app တွေက စည်းလွတ်ဘောင်လွတ် အပြုအမူမျိုးနဲ့ အသုံးပြုတွေရဲ့ အချက်အလက်တွေကို ခိုးယူ၊ ဖြန့်ဝေနေတယ်လို့ သတင်းရင်းမြစ် တော်တော်များများက တိုင်ကြားခဲ့ပြီးနောက် အဲဒီ app ၅၉ ခုကို ပိတ်ပင်ခဲ့တာလို့ အိန္ဒိယနိုင်ငံ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြောပါတယ်။ TikTok app ဟာ တရုတ်ဈေးကွက်မှာ ရေပန်းစားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့လာခဲ့တာပါ။

TikTok app ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကုမ္ပဏီက ဘေဂျင်းမြို့မှာ အခြေစိုက်ပါတယ်။ အသုံးပြုသူသန်း ၁၂၀ ရှိတဲ့ အိန္ဒိယဈေးကွက်ဟာ TikTok app အတွက် အကြီးမားဆုံး ပြည်ပဈေးကွက်ဖြစ်ပါတယ်။ TikTok ကုမ္ပဏီကတော့ အိန္ဒိယအစိုးရရဲ့ စွပ်စွဲချက်တွေကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက ပိတ်ပင်ခဲ့တဲ့ app တွေထဲမှာ Weibo ၊ Clash of Kings၊ Alibaba ကုမ္ပဏီရဲ့ UC Browser ၊ e-commerce app တွေဖြစ်တဲ့ Club Factory နဲ့ Shein တို့လည်း ပါဝင်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top