၅ မိနစ်အတွင်း မိုးကြိုး ၂ ကြိမ် ပစ်ခံရပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သူ

28.8.23-yyl-7.jpg

တရုတ်နိုင်ငံသားတစ်ဦးဟာ ၅ မိနစ်အတွင်း မိုးကြိုး ၂ ကြိမ် ပစ်ခံခဲ့ရပေမဲ့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာမှာ မိုးကြိုးပစ်ခံရနိုင်ခြေ ၁၅၃၀၀ ပုံ၊ ၁ ပုံပဲ ရှိပြီး မိုးကြိုး ၂ ကြိမ် ပစ်ခံရနိုင်ခြေကတော့ အလွန်နည်းပါးပါတယ်။ ဒါကြောင့်လည်း တစ်နေရာတည်းကို မိုးကြိုးနှစ်ကြိမ် ပစ်ရိုးမရှိလို့ ဆိုကြတာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကျန်းယီမြို့မှာ နေထိုင်သူ လျူနန်ကတော့ ပြီးခဲ့တဲ့လက သူ့အိမ်ရှေ့မှာ ရပ်နေတုန်း မိုးကြိုးပစ်ခံရပြီး သတိလစ် လဲကျသွားခဲ့ပါတယ်။ သူ သတိပြန်ရလာပြီး မတ်တပ်ရပ်လိုက်ချိန်မှာပဲ နောက်ထပ်တစ်ကြိမ် အဖြူရောင်အလင်းတန်းကြီး ထပ်မြင်လိုက်ရပြီး ထပ်လဲကျသွားခဲ့တာပါ။

သူ ပြန်သတိရလာတော့ သူ့ဘေးမှာ စိုးရိမ်တကြီး ကြည့်နေကြတဲ့ ဇနီးနဲ့ သားသမီးတွေကို မြင်ရပါတယ်။ နောက်တော့ သူ့ကို ဒေသန္တရဆေးရုံ ပို့ခဲ့ကြပြီး ဆရာဝန်တွေက မိုးကြိုးပစ်ခံရကြောင်း အတည်ပြုခဲ့ကြတာပါ။ လျူနန်ဟာ သူ့ခြေထောက်၊ ခါးနဲ့ တင်ပါးမှာ တတိယအဆင့် လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။

လျူနန်ဟာ မိုးကြိုးပစ်ခံရတာ တစ်လလောက် ကြာပြီဖြစ်ပေမဲ့ သူ့ရဲ့လောင်ကျွမ်းဒဏ်ရာတွေကတော့ ကောင်းကောင်းမသက်သာသေးပါဘူး။ ဒါပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တာပဲ ကံကောင်းတယ်လို့ မှတ်ယူနေသူပါ။

Ref: Man Gets Struck by Lightning Twice in 5 Minutes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top