ရေရှားတဲ့နေရာတွေအတွက် ဆိုလာ ရေသန့်စက်တစ်မျိုး ပေါ်လာ

solar_still.jpg

အင်ဂျင်နီယာတွေက ဆိုလာပေါင်းခံစက် ပုံစံအသစ်ကို ဖန်တီးလိုက်ကြပါပြီ။ ဒီနည်းပညာက ကာဗွန်စက္ကူနဲ့ နေရောင်ခြည်ကို အသုံးပြုပြီး ရေကို ထင်မှတ်မထားတဲ့ အမြန်နှုန်းနဲ့ သန့်စင်ပေးတယ်လို့ သိရပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ သန်းပေါင်း ၈၅၀ က သောက်သုံးရေ လွယ်လွယ်မရနိုင်တဲ့ ပြဿနာနဲ့ တွေ့ကြုံနေရပါတယ်။ ညစ်ညမ်းနေတဲ့ရေတွေက ရောဂါအမျိုးမျိုးကို ဖြစ်စေပြီး တစ်နှစ်မှာ လူဦးရေ ငါးသိန်းခန့်က ဒီအကြောင်းအရင်းကြောင့်ပဲ သေဆုံးနေရတာ ဖြစ်ပါတယ်။

ဘပ်ဖဲလ်လို တက္ကသိုလ် (University at Buffalo) က လေ့လာသူတွေက ဈေးကွက်ထဲက တခြားစက်တွေထက် ထိရောက်မြန်ဆန်ပြီး ဈေးချိုတဲ့ ဆိုလာ ရေသန့်စက်တစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။ ဒီတီထွင်မှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခက “ဆိုလာ စွမ်းအင်က အခမဲ့ ရနိုင်တယ်လေ။ အပူပိုင်းဒေသရှိ တချို့နိုင်ငံတွေမှာ တခြားအရာတွေ ရှားပါးနိုင်ပေမယ့် ဆိုလာ စွမ်းအင်ကတော့ လွယ်လွယ်ကူကူ ရနိုင်တယ်” ဆိုပြီး ပြောထားပါတယ်။

ဒီဇိုင်းပိုင်းကို ကြည့်ရင်တော့ A ပုံစံ ရွက်ဖျင်တဲ တစ်ခုနဲ့ တူတာကို တွေ့ရပါတယ်။ အမည်းရောင် ကာဗွန်စက္ကူကို အပေါ်ကနေ တွဲလောင်းချထားပြီး ရေမြုပ်တစ်ခုလို ရေစုပ်စေဖို့ စက္ကူ အစွန်းတွေကို ရေထဲထည့်ထားရမယ်လို့ သိရပါတယ်။ ဒီနည်းပညာက အရင်က ဆိုလာ ပေါင်းခံစနစ်ကို ပြုပြင်မွမ်းမံမှုတွေ လုပ်ထားတာပဲဖြစ်ပါတယ်။ ပထမဆုံး ရေတွေကို အငွေ့ပျံစေမယ်။ ပြီးရင် ရေငွေ့တွေကို အအေးခံမယ်။ နောက် ပြန်စုဆောင်းမယ်။ ညစ်ညမ်းတာတွေကတော့ ကျန်ခဲ့မယ်။ ဒီလိုပုံစံနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Researchers Qiaoqiang Gan, Zongmin Bei and Haomin Song were among the authors of the new study. The three engineers and their colleagues are working to bring the solar still to those who need it through their startup, Sunny Clean Water. (Douglas Levere/University at Buffalo)

ဂန် (Gan) တို့အဖွဲ့က ဆိုလာ ပေါင်းခံစနစ်ရဲ့ ဒီဇိုင်းပိုင်းကို ဆင်ခြေလျှောပုံစံ ပြောင်းလဲပြီး လုပ်ဆောင်မှုပိုင်းမှာ ပိုထိရောက်မှုရှိအောင် ဖန်တီးလိုက်ကြပါတယ်။ ယခုပုံစံအသစ်မှာ နေရောင်ကို တိုက်ရိုက် မထိစေတော့ဘဲ တစောင်းပုံစံကို ပြောင်းပစ်လိုက်ပြီး စက္ကူရဲ့ အပူချိန်ကို ပတ်ဝန်းကျင် အပူချိန်ထက် လျော့ကျအောင် လုပ်ထားပါတယ်။ ဒီလိုလုပ်ထားခြင်းက ပတ်ဝန်းကျင်က အပူကိုပါ ယူသုံးနိုင်ပြီး အငွေ့ပျံနေတဲ့အချိန်မှာ ဆိုလာ စွမ်းအင် ကုန်ဆုံးမှုကို လျော့ချပေးနိုင်ပါတယ်။

ဂန်နဲ့ သူ့ အပေါင်းအဖော်တွေက ဒီနည်းပညာကို ဈေးကွက်ပေါ်ရောက်အောင် ကုမ္ပဏီတစ်ခု တည်ထောင်ထားပါတယ်။ သူတို့ရဲ့ပစ္စည်းက နေသာတဲ့နေ့တွေမှာ တစ်နေ့ကို ရေ ၁၀-၂ဝလီတာလောက် စုဆောင်းနိုင်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးက တစ်နေ့ကို ပျှမ်းမျှ ရေ ၂.၇လီတာလောက် လိုအပ်ပြီး အမျိုးသားတစ်ဦးဆိုရင်တော့ ၃.၇လီတာလောက် လိုအပ်ပါတယ်။ တခြား ၈ဝရာခိုင်နှုန်းက သောက်သုံးနေတဲ့ အချိုရည်တွေက ရရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ဆိုလာ ပေါင်းခံစက်က မိသားစု တစ်စုအတွက် တစ်နေ့တာ လိုအပ်တဲ့သောက်ရေသန့်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီစက်က ဒေါ်လာ ၂၀၀ လောက် ကျသင့်မယ်လို့ သိရပြီး လာမယ့်တစ်နှစ်ဝန်းကျင်လောက်မှာ ရနိုင်တော့မယ်လို့ သိရပါတယ်။ ဒီစက်က မကြာသေးခင်က ထွက်ရှိပြီးသား စက်တွေထက်တော့ ဈေးသက်သာဖို့ မျှော်လင့်ထားကြောင်း ဂန်က ပြောပါသေးတယ်။

ဒီစက်က ဘယ်လိုရေမျက်နှာပြင်မှာမဆို သုံးနိုင်ပြီး ရေကန်ကအစ ပင်လယ်သမုဒ္ဒရာတွေထိပါ သုံးနိုင်တယ်လို့ သိရပါတယ်။ “အဓိကကတော့ နေရာဒေသ မတူတဲ့လူတွေမှာ မတူညီတဲ့ လိုအပ်ချက်တွေ ရှိနေတာပါပဲ။ အထူးသဖြင့်တော့ ရေအမျိုးအစား မတူတာပေါ့” ဆိုပြီး ဂန်က ပြောထားပါတယ်။

ဒီပေါင်းခံစက်က ဘက်တီးရီးယား၊ ဗိုင်းရပ်နဲ့ တခြား အဆိပ်ဓာတ်တွေကို ၁ဝဝရာခိုင်နှုန်းနီးပါး ဖယ်ရှားပေးနိုင်ပါတယ်။ ရေနဲ့ အတူပျော်ဝင်နေတဲ့ ပိုးသတ်ဆေးလိုမျိုး ဓာတုပစ္စည်းတွေကိုတော့ သိပ်မဖယ်ရှားပေးနိုင်ဘဲ ဒီအရာတွေက ရေနဲ့အတူတူ အငွေ့ပျံသွားလေ့ရှိတယ်လို့ သိရပါတယ်။

တက္ကဆက် တက္ကသိုလ် (University of Texas at Austin) က အင်ဂျင်နီယာပိုင်း ပါမောက္ခ ဒက်စ်မွန်ဒ် လော်လာ (Desmond Lawler) က “စက်ကို အသုံးပြုမယ့်ဒေသရဲ့ စိုစွတ်မှုက သတိထားရမယ့် ပြဿနာ တစ်ခုပဲ။ အရမ်းစိုစွတ်နေတဲ့နေရာမှာ ရေအငွေ့ပျံအောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်။ နေရာတစ်ခုစီ အတွက် ဒီဇိုင်းကို ပြုပြင်ဖို့ အဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ရေသန့် ရှိပြီးသားနေရာတွေမှာ စက်ကို မသုံးစေချင်ဘူး။ ဒီစက်ရဲ့ ရိုးရှင်းမှုက အလားအလာကောင်းပါလိမ့်မယ်။ အရေးပေါ် လိုအပ်နေတဲ့ အခြေအနေအတွက် တကယ်ကို အသုံးဝင်မယ့်အရာပဲ” ဆိုပြီး ပြောကြားထားပါတယ်။

ခြုံကြည့်ရင်တော့ ကာဗွန်စက္ကူကလည်း လွယ်လွယ်ရနိုင်တော့ ဆိုလာ ပေါင်းခံစက်က အရမ်းတော့ ဈေးမကြီးလောက်ဘူးလို့ ခန့်မှန်းရပါတယ်။ အားသာချက်လည်း များတာကို တွေ့ရတာကြောင့် လိုအပ်နေတဲ့ နေရာတွေအတွက်တော့ အထောက်အကူကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါကြောင်း …

Ref : Smithsonian “Could This Low-Cost Device Provide Clean Drinking Water To Those In Need?”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top