ကားတာယာပေါ်မှာ ဆောက်ထားတဲ့ ရော်ဘင်ငှက်ရဲ့အသိုက်လေး ပျက်မသွားစေဖို့အတွက် အမေရိကန်နိုင်ငံမှ ကားအရောင်းပြခန်းတစ်ခုဟာ Ford F-250 ကားကို ဝယ်သူထံ ပေးပို့ဖို့ ဆိုင်းငံ့ထားခဲ့ပါတယ်။

ကန်းဆက်မြို့မှာရှိတဲ့ Olathe Ford Lincoln ကားအရောင်းပြခန်းမှ Ford F-250 ကားရဲ့ ညာဘက်တာယာပေါ်မှာ ရော်ဘင်ငှက်က အသိုက်ဆောက်ပြီး မိုးပြာရောင် ဥလေးလုံး ဥပြီး သားပေါက်ခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ ရော်ဘင်ငှက်တွေရဲ့ အသိုက်ကို ရွှေ့ပြောင်း ဖယ်ရှားခြင်းမပြုရဆိုတဲ့ Migratory Bird Treaty အက်ဥပဒေထုတ်ကာ ရော်ဘင်ငှက်တွေကို ကာကွယ်ထားတာကြောင့် Ford F-250 ကားကို ဝယ်ယူထံ ပေးပို့ဖို့ ကားအရောင်းပြခန်း တာဝန်ရှိသူတွေက ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ကားဝယ်သူကလည်း ဒီအခြေအနေကို နားလည်လက်ခံပြီး ငှက်သားပေါက်လေးတွေ ကြီးပြင်းလာချိန်အထိ ကားယူဖို့ စောင့်ဆိုင်းပေးမယ်လို့ အကြောင်းပြန်ထားကြောင်း ကားအရောင်းပြခန်းမှ ထုတ်ပြန်ထားပါတယ်။

Ref: Sold truck remaining at Kansas dealership due to robin’s nest
NZ (ရိုးရာလေး)

