အဆိပ်ရှိတဲ့ ကင်းမြီးကောက်တွေကို သီရိလင်္ကာနိုင်ငံကနေ ခိုးထုတ်ဖို့ တရုတ်နိုင်ငံသား ကြိုးပမ်း

yyl-006-6.jpg

သီရိလင်္ကာနိုင်ငံထဲကနေ အဆိပ်ပြင်း ကင်းမြီးကောက် ၂၀၀ နီးပါး ခိုးထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ ပလတ်စတစ်ပုံးတွေနဲ့ ထည့်ထားတဲ့ ကင်းမြီးကောက်အရှင်တွေကို ကိုလမ်ဘိုလေဆိပ်ရဲ့ လုံခြုံရေးအရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံကိုရောက်ရင် ကင်းမြီးကောက်တွေကို အဆိပ်ထုတ်ဖို့ စီစဉ်ထားဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဆိပ်ပြင်းတဲ့ သားရဲတိရစ္ဆာန်တွေ ခိုးထုတ်မှု၊ ရွှေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ ကုန်ကူးမှုကို တိုက်ဖျက်ရေးက သီရိလင်္ကာနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အကောက်ခွန်အရာရှိတွေက တရုတ်အမျိုးသားကို ဖမ်းမိခဲ့ပြီးနောက် ရူပီး ၁၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၅၅၀)ဒဏ်ရိုက်ခဲ့ပြီး တရုတ်နိုင်ငံကို ပြန်သွားခွင့် ပေးခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ အဆိပ်ရှိတဲ့ ကင်းမြီးကောက်မျိုးစိတ် ၁၈ မျိုးရှိတဲ့အနက် လူသေဆုံးစေလောက်အောင် အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်ကတော့ တစ်မျိုးပဲရှိပါတယ်။ တရုတ်အမျိုးသား ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကင်းမြီးကောက်က အဲဒီမျိုးစိတ် ဟုတ်၊ မဟုတ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ သီရိလင်္ကာနိုင်ငံမှာ သားရဲတိရစ္ဆာန်ကုန်ကူးမှုကို တားဆီးနိုင်ဖို့ တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းထားပေမဲ့ ခိုးထုတ်ဖို့ ကြိုးစားမှုတွေ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ဇွန်လကလည်း သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းအရာရှိ တော်တော်များများကို ဆင်သားပေါက်တွေဖမ်းပြီး ရောင်းစားဖို့ ကြိုးစားခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top