ဟောလိဝုဒ်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နိုင်ဖွယ်ရှိတဲ့ မင်းသမီးဆွန်ရီဂျင်း

8-7-2020-yyl-031.jpg

ဟိုအရင်ကတည်းက မြန်မာပရိသတ်တွေ ဟယ်ယွမ်လို့သိထားကြတဲ့ ကိုရီးယားမင်းသမီးဆွန်ရီဂျင်းဟာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ပင်ကိုယ်အလှတရားကြောင့် ကြည့်ရှုသူတွေရဲ့ချီးကျူးစကားကို မကြာခဏကြားနေရတဲ့သူဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာပရိသတ်တွေ “ဗိုလ်ကြီး”ဇာတ်ကားလို့ ခေါ်နေကြတဲ့ “Crash Landing on You”ဇာတ်လမ်းတွဲကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေ ပိုသိလာကြပါတယ်။ အဲဒါကြောင့်ပဲ ဟောလိဝုဒ်က ဆွန်ရီဂျင်းကို သတိထားမိသွားခဲ့ပုံရပါတယ်။ အခုဆိုရင် ဆွန်ရီဂျင်းက ဟောလိဝုဒ်ဇာတ်ကားအသစ် Cross မှာ ပါဝင်ဖို့ ကမ်းလှမ်းခံရတဲ့အတွက် စကားပြောဆိုနေကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့မှာ မင်းသမီးဆွန်ရီဂျင်းရဲ့အေဂျင်စီ MS Team Entertainment က “ဆွန်ရီဂျင်းက Cross ဇာတ်ကားအတွက် ဆွေးနွေးနေကြပြီး အခြေအနေကတော့ ကောင်းပါတယ်။ ဘယ်လိုကြီးကြီးမားမားပြောင်းလဲမှုမှ မရှိဘူးဆိုရင် သူ (မ) က ဒီဇာတ်ကားမှာ ပါဝင်သွားမှာဖြစ်တယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။ အော်စကာဆုရ “Parasite” ဇာတ်ကားမှ လီဆန်ယွန်ကလည်း ဒီဇာတ်ကားအတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ရဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက “Cross အတွက် သရုပ်ဆောင်တစ်ယောက်အနေနဲ့ လီဆန်ယွန် ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ်းလှမ်းချက်ကို သုံးသပ်နေတုန်းပါပဲ။ သူက ဆုံးဖြတ်ချက်မချရသေးဘူး”လို့ ပြောကြားခဲ့ပါတယ်။

Cross ဇာတ်ကားက အနာဂတ်ကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး လူမျိုးစုံတဲ့နိုင်ငံတစ်ခုက နယ်စပ်တစ်ခုကြောင့် လူမျိုးစု (၂) ခုကွဲသွားရတဲ့ ဇာတ်လမ်းအကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လူမျိုးစုနှစ်ခုက လူတွေရဲ့ဘဝတွေနဲ့ အခြားသူထက် ပိုချမ်းသာတဲ့သူတွေရဲ့ ဘဝတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဆွန်ရီဂျင်းက ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့မယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံရဲ့နယ်စပ်မှာ နေထိုင်တဲ့ အမျိုးသမီး ဗီရာနေရာမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဗီရာက သူ့ခင်ပွန်း နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ သူ့သားကို တစ်ယောက်တည်း ထိန်းကျောင်းရတာဖြစ်ပါတယ်။ ဆွန်ရီဂျင်းက Avatar ဇာတ်ကားထဲက မင်းသား ဆန် ဝေါ်သင်တန်နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီမင်းသားကတော့ နိုင်ငံရဲ့ချမ်းသာတဲ့အသိုင်းအဝိုင်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်အဖြစ် ပါဝင်ရမယ်လို့တော့ သတင်းထွက်ရှိထားပါတယ်။ Cross ဇာတ်ကားကို နောက်နှစ်မတ်လကျရင် ကိုရီးယားနိုင်ငံမှာရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: AsiaOne “Son Ye-jin in talks to star in hollywood movie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top