ဖိနပ်အဟောင်းကြီးကြောင့် အနိုင်ကျင့်ခံနေရတဲ့သူငယ်ချင်းဖြစ်သူကို ဖိနပ်အသစ်တစ်ရံလက်ဆောင်ပေးခဲ့တဲ့ ဆယ်ကျော်သက်

31-10-2022-yyl-24.jpg

မယ်လ်ဗင် အန်ဒါဆန်နဲ့ ရိုမယ်လို အာလီ (မယ်လို) တို့ဟာ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့ရဲ့ Buffalo Creek Academy Charter School မှာ ၇ တန်းတက်နေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာ မယ်လ်ဗင်တစ်ယောက် သူ့ရဲ့ဖိနပ်နဲ့ပတ်သက်ပြီး အတန်းဖော်တချို့ရဲ့ မနှစ်မြို့ဖွယ်စကားတွေနဲ့ ပြောဆိုခံနေရတာကို မယ်လို မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့သူငယ်ချင်း အခုလိုဆက်ဆံခံနေရတာကိုမြင်ရတော့ မယ်လို စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျောင်းဆင်းတော့ မယ်လိုက သူ့အမေကို သူ့သူငယ်ချင်း အနိုင်ကျင့်ခံနေရတယ်၊ အဲဒီကို မြင်တွေ့ရတာစိတ်မချမ်းသာဘူးလို့ ငိုပြီးတော့တောင် ပြောခဲ့ပါတယ်။

သူ့သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်လွန်းတာကြောင့် နောက်နေ့ကျတော့ မယ်လိုက မယ်လ်ဗင်ကို ဖိနပ်အသစ်တစ်ရံဝယ်ပေးဖို့အတွက် သူ့အမေကို ဖိနပ်ဆိုင်တစ်ဆိုင်လိုက်ပို့ခိုင်းခဲ့ပါတယ်။ သူ့ရဲ့မုန့်ဖိုးနဲ့ Nike ဖိနပ်အသစ်တစ်ရံဝယ်ခဲ့ပါတယ်။ သူ့သူငယ်ချင်းကို ဖိနပ်လက်ဆောင်ပေးဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာပါ။ အိပ်ရာစောစောထနိုင်ဖို့ ခါတိုင်းထက်စောပြီးတော့တောင် အိပ်ရာဝင်ခဲ့ပါတယ်။

သူ့အတွက် မယ်လို အခုလိုလုပ်ပေးခဲ့တာကြောင့် မယ်လ်ဗင်က ကျေးဇူးတင်လို့မဆုံးဖြစ်နေပါတယ်။ မယ်လိုက ဒီအတွက် ဘာမှပြန်ပေးစရာမလိုဘူးလို့ ပြောခဲ့ပေမဲ့ မယ်လ်ဗင်က သူ့အပေါ် မယ်လိုလုပ်ပေးခဲ့တဲ့အရာအတွက် ကြိုးစားပြီး ပြန်ပေးဆပ်ချင်တာကြောင့် မုန့်ဖိုးတွေပိုရဖို့အတွက် အိမ်အလုပ်တွေ ပိုလုပ်နေပါတယ်။

သူငယ်ချင်းကို ဖိနပ်လက်ဆောင်ပေးပြီး မကြာခင်မှာပဲ ကျောင်းရဲ့ the Dean of culture ဌာနက မစ္စတာဘရောင်းက မယ်လ်ဗင်ကို သူ့ရုံးခန်းခေါ်တွေ့ပြီး ဖိနပ်အကြောင်း ခေါ်မေးတော့မှ အကြောင်းစုံသိခဲ့ရတာပါ။ သူငယ်ချင်းကို ဖိနပ်ဝယ်ပေးခဲ့တဲ့ မယ်လိုရဲ့ကြင်နာတရားအပြည့်ရှိတဲ့လုပ်ရပ်အကြောင်း ပြောပြတဲ့ ပို့စ်ကို မစ္စတာဘရောင်းက တင်ခဲ့ပါတယ်။ အဲဒီပို့စ်ကို Buffalo Bills အသင်း ကစားသမား ထိုင်ဝမ်ဂျုန်းကလည်း မြင်တွေ့သွားခဲ့ပြီး ကျောင်းကို အလည်လာပြီးတော့ ကောင်လေး (၂) ယောက်ကို မုန့်နဲ့ ကစားပွဲလက်မှတ်တွေ လက်ဆောင်ပေးခဲ့ပါတယ်။

Ref: ScoopUpworthy “Kind teen feels heartbroken seeing his friend get bullied for old shoes so he gifts him a new pair”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top