တောင်ကိုရီးယားမှာ ကြမ်းပိုးသောင်းကျန်းနေလို့ ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေ

9.11.23-yyl-1.jpg

တောင်ကိုရီးယားနိုင်ငံမှာ ကြမ်းပိုး သောင်းကျန်းနေလို့ ပိုးမွှားနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်နေရပါတယ်။ တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒဲဂုမြို့၊ ကောလိပ်အဆောင်၊ အင်ချွန်းမြို့မှာရှိတဲ့ ကိုရီးယားရိုးရာ Spa နဲ့ လူနေအဆောက်အအုံတွေမှာ ကြမ်းပိုး ကိုက်ခံရတဲ့ဖြစ်ရပ် အကြိမ် ၃၀ ဖြစ်ပွားခဲ့ပါတယ်။

အများပြည်သူဆိုင်ရာ နေရာတွေမှာ ပိုးမွှား ရှာဖွေစစ်ဆေးခြင်းနဲ့ ထိန်းချုပ်နှိမ်နင်းရေးလုပ်ငန်းတွေကို သီတင်းပတ် ၄ ပတ်ကြာ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ တောင်ကိုရီးယား ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ရထားတွေနဲ့ ရုပ်ရှင်ရုံတွေမှာ ကြမ်းပိုး ကိုက်ခံရတဲ့ပြဿနာတွေ ရှိနေပါတယ်။ ကြမ်းပိုးသောင်းကျန်းမှုကြောင့် တစ်နှစ်မပြည့်မီအချိန်အတွင်း စတင်တော့မယ် ပဲရစ်အိုလံပစ်ပြိုင်ပွဲနဲ့ ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ကြမ်းပိုးအကြောင်း ရှာဖွေဖတ်ရှုမှုတွေ ပိုများလာတာ တွေ့ရပါတယ်။

ကြမ်းပိုးဟာ သန့်ရှင်းမှု အားနည်းတဲ့ မွေ့ရာနဲ့ အိပ်ယာတွေထဲမှာ ခိုအောင်းနေပြီး ညအချိန်မှာ လူ့ခန္ဓာကိုယ်က သွေးစုပ်လေ့ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ကြမ်းပိုးနှိမ်နင်းရေးဆေးရည်တွေ ဖြန့်ဖြူးဖို့၊ ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ရထားလိုင်း တာဝန်ရှိသူတွေအနေနဲ့ ရထားတွေကို မကြာခဏ ပိုးသတ်ကြဖို့၊ ထိုင်ခုံစွပ်တွေကို ချည်သားအစား ပလတ်စလစ်ထိုင်ခုံစွပ်တွေ အစားထိုးဖို့ ဆိုးလ်မြို့ အာဏာပိုင်တွေက ဆိုပါတယ်။ အငှားယာဉ်မောင်းတွေနဲ့ ဘတ်စ်ကားယာဉ်မောင်းတွေအနေနဲ့လည်း ကားတွေကို တစ်နေ့ ၂ ကြိမ် ပိုးသတ်ဆေးဖျန်းကြဖို့ ညွှန်ကြားထားပါတယ်။

Ref: South Korea ramps up pest control after reports of bedbugs

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top