ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းခဲ့ပြန်တဲ့ တောင်ကိုရီးယား

26-8-2022-yyl-04.jpg

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးအဖြစ် စံချိန်ထပ်တင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကစပြီး တောင်ကိုရီးယားမှာ အမျိုးသမီးတစ်ဦးကို ကလေးတစ်ဦးနှုန်းအောက် စတင်ကျဆင်းခဲ့တာပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအစိုးရ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစမှာ ကလေးမွေးဖွားနှုန်း ဝ.၈၁ ပဲ ရှိခဲ့ပြီး ယခင်နှစ်ကထက် (ဝ.၈၄) လျော့နည်းသွားခဲ့ပါတယ်။ ဒါဟာ ၆ နှစ်ဆက်တိုက် ကလေးမွေးဖွားမှုနှုန်း ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

စီးပွားမှာ ထိပ်တန်းရောက်တဲ့ တခြားနိုင်ငံတွေမှာ ပျမ်းမျှအားဖြင့် ကလေးမွေးဖွားနှုန်း ၁.၆ အထိ ရှိနေတာနဲ့ နှိုင်းယှဉ်ရင် ၂ ဆနီးပါး နည်းပါးပါတယ်။ နိုင်ငံတွေအနေနဲ့ (ရွေ့ပြောင်းနေထိုင်သူမပါဝင်ဘဲ) သူတို့ရဲ့ လက်ရှိလူဦးရေကို ထိန်းထားဖို့အတွက် တစ်အိမ်ထောင်ကို အနည်းဆုံး ကလေး ၂ ယောက်နှုန်း မွေးဖွားဖို့ လိုအပ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ၁၉၇၀ ပြည့်နှစ်အစပိုင်းက အမျိုးသမီးတစ်ယောက်ကို ပျမ်းမျှ ကလေး ၄ ယောက်နှုန်းအထိ ရှိခဲ့ပေမဲ့ မကြာသေးခင် မျိုးဆက်ကစပြီး မိသားစုအရွယ်အစား သေးငယ်လာခဲ့တာပါ။ လူဦးရေ လျော့နည်းလာတဲ့ကိစ္စကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်ခံစားမှု အစရှိတဲ့ အများပြည်သူဆိုင်ရာ အသုံးစရိတ် တိုးမြှင့်ဖို့ ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် လူငယ်အရေအတွက် နည်းပါးလာတာဟာ လုပ်သားအင်အား နည်းပါးမှုဖြစ်စေပြီး တိုင်းပြည်စီးပွားရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကစပြီး တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားနှုန်းထက် သေဆုံးနှုန်းက ပိုများခဲ့တာပါ။ အိမ်ခြံမြေ ဈေးနှုန်း မြင့်မားတာ၊ လူနေမှုစရိတ် ကြီးမြင့်တာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အစရှိတဲ့ အချက်တွေကြောင့် အိမ်ထောင်သည်တွေက ကလေးယူဖို့ တွန့်ဆုတ်လာကြတာဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

Ref: South Korea records world’s lowest fertility rate again

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top