အမျိုးသားဥယျာဉ် (၆၃) ခုကို အတူသွားရောက်လည်ပတ်တဲ့မစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့ကြတဲ့ မြေးအဘွား

26-8-2022-yyl-05.jpg

အမျိုးသားဥယျာဉ် (၆၃) ခုကို အတူသွားရောက်လည်ပတ်တဲ့မစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့ကြတဲ့ မြေးအဘွား

ကိုယ့်နိုင်ငံအတွင်းက နေရာတော်တော်များများကို ရောက်ဖြစ်ကြရဲ့လား။ အခြားနိုင်ငံကို သွားဖို့မပြောနဲ့။ ကိုယ်နိုင်ငံတွင်းက နေရာတွေကို ရောက်အောင်သွားဖို့တောင် မလွယ်ကူလှပါဘူး။ အမေရိကန်နိုင်ငံက မြေးအဘွားနှစ်ဦးဆိုရင် သူတို့နိုင်ငံအတွင်းက အမျိုးသားဥယျာဉ် ၆၃ ခုကို ရောက်အောင် အတူတူအလည်အပတ်သွားမယ်ဆိုတဲ့မစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။

အသက် ၄၁ နှစ်အရွယ် ဘရတ် ရမ်နဲ့ အဘွားဖြစ်သူ အသက် ၉၂ နှစ်အရွယ် ဂျွိုင်း ရမ်တို့က မဖြစ်နိုင်လောက်ဘူးလို့ ထင်ခဲ့တဲ့ သူတို့ရဲ့မစ်ရှင်ကို ပြီးမြောက်ဖို့ နီးကပ်နေပါပြီ။ သူတို့မြေးအဘွားက အိုဟိုင်းယိုးပြည်နယ်ကဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ သူတို့ရဲ့မစ်ရှင်ကို စတင်ခဲ့တာပါ။

အသက် ၉၂ နှစ်အရွယ် အဘွား ဂျွိုင်း

ဘရတ်က တိရစ္ဆာန်ဆေးကုကျောင်းတက်စဉ် (၃) ရက်တာကျောင်းပိတ်ရက်ကို ကုန်ဆုံးဖို့ နည်းလမ်းရှာဖွေရင်း သူ့အဘွား ဂျွိုင်းနဲ့ သူ့ရဲ့အတိတ်ကစွန့်စားခန်းအကြောင်းတွေ ပြောဆိုရင်း အမျိုးသားဥယျာဉ်ကို သွားလည်မယ်ဆိုတဲ့ စိတ်ကူးရခဲ့တာပါ။ ဘရတ်က ပိတ်ရက်ခရီးအနေနဲ့ Great Smoky Mountains အမျိုးသားဥယျာဉ်သွားတဲ့အခါမှာ သူ့အဘွားကိုလည်း ခေါ်သွားခဲ့ပါတယ်။ ဒါက သူတို့အတူသွားတဲ့ ပထမဆုံးအလည်အပတ်ခရီးဖြစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ဘရတ်နဲ့သူ့အဘွားတို့က အမျိုးသားဥယျာဉ်တိုင်း အတူအလည်အပတ်သွားတဲ့ မစ်ရှင်ကို စတင်ခဲ့ပါတော့တယ်။

၂၀၁၉ ခုနှစ်မှာ ဘရတ်က @GrandmaJoysRoadtrip ဆိုတဲ့ အကောင့်နဲ့ သူတို့ရဲ့ခရီးစဉ်တွေကို စပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ National Parks Services ရဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြည်သူ့ရေးရာအကြီးအကဲလည်းဖြစ်တဲ့ ဂျန်နီ အန်ဇယ်မိုး ဆာလက်ကလည်း “အဘွားဂျွိုင်းနဲ့သူ့မြေးဖြစ်သူ ဘရတ်တို့က ကျွန်မတို့အားလုံးအတွက် အတုယူစရာပါပဲ”လို့ ဆိုပါတယ်။

အဘွား ဂျွိုင်းနဲ့ မြေးဖြစ်သူ ဘရတ်

ဘရတ်တို့က ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင်ထိ အမျိုးသားဥယျာဉ် (၂၉) ခုကို သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာလည်း အဘွားဂျွိုင်းနဲ့ ဘရတ်တို့ဟာ အလက်စကာပြည်နယ်က အမျိုးသားဥယျာဉ် (၈) ခုကို သွားရောက်လည်ပတ်ခဲ့ပြီး အပျော်ဖောင်စီးတာ၊ ရေခဲမြစ်တွေအနီး ခြေလျင်တက်တာ၊ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်တာတွေလုပ်ခဲ့ကြရပါတယ်။ အဘွားဂျွိုင်းက ဝက်ဝံတွေ ငါးယူတာကို အမြဲမြင်ချင်ခဲ့ပြီး နောက်ဆုံးတော့ သူ မြင်တွေ့ခဲ့ရပါတယ်။

အဘွားဂျွိုင်းနဲ့ မြေးဖြစ်သူ ဘရတ်တို့က နှစ်တော်တော်ကြာ ခရီးထွက်ခဲ့ပြီးနောက်မှာ သွားလည်ဖို့ အမျိုးသားဥယျာဉ်တစ်ခုပဲ ကျန်ပါတော့တယ်။ သူတို့ရဲ့မွေးရပ်မြေမြို့လေး Duncan Falls ကနေ မိုင် ၆၇၀၀ ကျော်မှာရှိတဲ့ American Samoa အမျိုးသားဥယျာဉ်ပါ။ အဲဒီကို ဘယ်တော့ သွားလည်ဖြစ်မလဲဆိုတာ မသိရပါဘူး။ အဘွားဂျွိုင်းတို့ကလည်း နောက်ဆုံးအမျိုးသားဥယျာဉ် သွားရောက်လည်ပတ်မယ့်နေ့ကို စောင့်မျှော်နေပါတယ်။

အဘွားဂျွိုင်းနဲ့ ဘရတ်တို့အတွက် ဒီမစ်ရှင်က ကြီးမားတဲ့စွန့်စားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့က စူးစမ်းသွားလာဖို့အတွက် အခွင့်အလမ်းတွေရှာကြဖို့ အခြားသူတွေကို တိုက်တွန်းထားပါတယ်။

Ref: ABCNews “92-year-old grandma and grandson are on a mission to visit every US national park together”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top