တောင်ကိုရီးယားမင်းသားချော ဆောင်းဂျေရင်းမ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့(မနေ့က) သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၃၉ နှစ်ရှိပါပြီ။ နေ့လည် ၁၂ နာရီ ၃၀ မိနစ်လောက် သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုးလ်မြို့၊ Seongdong ရဲစခန်းက အတည်ပြုပေးခဲ့ပါတယ်။
နေ့လယ်စာစားဖို့ ချိန်းဆိုထားတဲ့ သူငယ်ချင်းတစ်ဦးက ဆောင်းဂျေရင်းမ်ရဲ့နေအိမ်ကို သွားရောက်ခဲ့ချိန်မှာ သေဆုံးကြောင်း သတင်းပေးပို့ခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ စာမျက်နှာ ၂ မျက်နှာ စာတစ်စောင်ကို တွေ့ရှိခဲ့ရပေမဲ့ သေဆုံးရခြင်းအကြောင်းအရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ သူ့ရဲ့နာရေးအခမ်းအနားကို Seoul City Crematorium မှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဆောင်းဂျေရင်းမ်က ၂၀၁၂ ခုနှစ်ရဲ့ “The Moon Embracing the Sun” ဇာတ်လမ်းတွဲနဲ့ ၂၀၁၄ ခုနှစ်ရဲ့ “We Got Married” Reality Series တွေမှာ ပါဝင်ခဲ့ပြီးနောက် နာမည်ရလာခဲ့တာပါ။ အခုနှစ်မှာတော့ My Military Valentine နဲ့ Queen Woo ဇာတ်လမ်းတွဲ ၂ ခုမှာ ပါဝင်ထားပါတယ်။
သူ သေဆုံးတဲ့သတင်းထွက်ရှိလာပြီးတဲ့နောက် ဟာသသရုပ်ဆောင် ဟုန်ဆုတ်ချွန်နဲ့ အခြားအနုပညာရှင်တွေက အောက်မေ့တသဖွယ်စာတွေ တင်ခဲ့ကြပါတယ်။
“မင်းရဲ့အပြုံးကို ဘယ်တော့မှ ထပ်ပြီးမြင်ရတော့မှာမဟုတ်တဲ့အတွက် ဝမ်းနည်းမိတယ်။ မင်းကို ပိုဂရုစိုက်လို့မရတော့အောင်၊ နှုတ်ဆက်စကားပြောလို့မရတော့အောင် မင်းကို သွားခွင့်ပြုလိုက်ရလို့ ကြေကွဲရပါတယ်။ တောင်းပန်ပါတယ်။ တကယ်ကို တောင်းပန်ပါတယ်။ မင်းအတွက် ကောင်းမွန်တဲ့အစ်ကိုတစ်ယောက်မဖြစ်နိုင်ခဲ့ဘူး။ ငြိမ်းချမ်းစွာအနားယူပါ”လို့ ဆုတ်ချွန်က ရေးသားခဲ့တာပါ။
၂၀၂၂ ခုနှစ်ရဲ့ Good Morning ရုပ်ရှင်ကားနဲ့ ၂၀၁၆ ခုနှစ်ရဲ့ Our Gap Soon ဇာတ်လမ်းတွဲတွေမှာ အတူပါဝင်ခဲ့တဲ့ မင်းသမီး ယူဆန်းကလည်း ၂ ယောက်တွဲပုံတင်ပြီးတော့ “ဂျေရင်းမ်…ငါ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေ ခံစားနေရတယ်။ ငြိမ်းချမ်းမှုကို ရှာတွေ့ပါစေ”လို့ ရေးသားခဲ့ပါတယ်။
“ငါ ရူးတော့မယ် ဂျေရင်းမ်..မင်းက အမြဲတောက်ပနေခဲ့တာ။ မင်း အခုလိုဖြစ်တာကို ယုံဖို့ခက်တယ်။ ငါ တောင်းပန်ပါတယ်။ မင်းကို မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်။ စိတ်ရင်းနဲ့ တောင်းပန်တာပါ”လို့ ၂၀၁၉ ခုနှစ်ရဲ့ Reality Series ” Surfing House”မှာ အတူပါဝင်ခဲ့တဲ့ မင်းသား ပတ်ဟိုဆန်က ရေးသားထားပါတယ်။
Ref: South Korean actor Song Jae-rim dies aged 39, celebrities pay tribute
NZ (ရိုးရာလေး)