ကလေးထောင်ချီကို စာဖတ်ခြင်းအလေ့အထရှိအောင် လုပ်ဆောင်ပေးနေတဲ့ ၁၀ နှစ်သားလေး

6-8-2021yyl01.png

အိုရီရမ် ဂျင်း (Orion Jean) ဟာ ထောင်နဲ့ချီသော ကလေးတွေကို စာဖတ်ခြင်းလက်ဆောင်မွန်တွေ မျှဝေတဲ့ မစ်ရှင်တစ်ခုကို လုပ်ဆောင်နေတဲ့ ကလေးလေးတစ်ယောက်ပါ။ သူက အသက် ၁၀နှစ်သာရှိသေးပေမဲ့လည်း အရွယ်နဲ့မလိုက်တဲ့ အသိပညာ၊ ခံယူချက်တွေရှိနေပါတယ်။ သူက လကုန်ရောက်ရင် ကလေးတွေကို စာဖတ်ခြင်းလက်ဆောင်မွန်အနေနဲ့ စာအုပ်ဘယ်နှစ်အုပ်လှူဒါန်းနိုင်မလဲလို့ပဲ မျှော်လင့်နေတာပါ။

“စာတတ်မြောက်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေကို တတ်နိုင်သလောက် လူများများနဲ့ မျှဝေပေးချင်ခဲ့တယ်” လို့ အိုရီရမ်က ပြောပါတယ်။ ၂၀၂၀ပြည့်နှစ်က အိုရီရမ်ဟာ ကိုယ်ပိုင်ဂရုဏာတရားကို ပြသခဲ့ရတဲ့ Student Kindness Contest ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ “ကြင်နာတရားက ကျွန်တော်တို့အားလုံးပိုင်ဆိုင်နိုင်တဲ့စင်ကြယ်တဲ့အကျင့်သီလပါ။ ကျွန်တော်တို့ဆန္ဒရှိရင်ပေါ့။ ဒါဆို ဒီနေ့ဘာလို့မစတင်ရမှာလဲ။ ဘာလို့လဲဆိုရင် အခု ကျွန်တော်တို့တွေက အကြင်နာတရားကို အရင်ကထက်ပိုလိုအပ်နေလို့လေ”လို့ အိုရီရမ်က ဆိုပါတယ်။

အိုရီရမ်က သတင်းဌာနကို ပြောကြားခဲ့တာက “အဲဒီပြိုင်ပွဲမှာအနိုင်ရတာက ပိုကြီးမားတဲ့အရာတစ်ခုလုပ်ဖို့ တကယ်အထောက်အကူဖြစ်စေခဲ့တယ်။ ဒါဟာစိတ်ကူးတစ်ခုအနေနဲ့စတင်ခဲ့တာဖြစ်ပေမယ့် ကျွန်တော်တို့ဒီနေ့ဒီနေရာမှာ ကြင်နာတရားပေါ်ပေါက်လာခဲ့ပါပြီ”တဲ့။

သူက ပြိုင်ပွဲကနေ ရရှိခဲ့တဲ့ ဒေါ်လာ ၅၀၀ ဆုနှင့်အတူ Dallas Children’s Hospital ကို အရုပ်တွေလှူဒါန်းခဲ့ပါတယ်။ နောက်ထပ် အစားအစာလှူဒါန်းတဲ့အဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး တက္ကဆက်ပြည်နယ်က မိသားစုတွေအတွက် အစားအစာ ၁၀၀,၀၀၀ စုဆောင်းဖို့ ကူညီပေးခဲ့ပါတယ်။

အခုတော့ သူက အိမ်မှာ ဖတ်စရာစာအုပ်မရှိတဲ့ကလေးတွေအတွက် စာအုပ်လှူဒါန်းပေးဖို့ အာရုံစိုက်နေပါတယ်။ “ဒါတွေအားလုံးက လူတွေကိုကူညီဖို့အတွက် ကျွန်တော့်ရဲ့ကျင့်ဝတ်တာဝန်ပါပဲ။ အကူအညီလိုနေတဲ့သူတွေကိုကြည့်ဖို့နဲ့ သူတို့ကိုကူညီဖို့ အားအင်ရှိတယ်ဆိုတာ သိဖို့က ကျွန်တော့်ရဲ့တာဝန်ပါ”လို့ အိုရီရမ်က ပြောပါတယ်။ ဒါကဆဋ္ဌမတန်းမတက်ရသေးတဲ့ကောင်လေးတစ်ယောက်ဆီက လေးနက်သောခံယူချက်ပါပဲ။

အိုရီရမ်ရဲ့အမေ ခါရီကို လူတွေကို ကူညီနေတာနဲ့ပတ်သက်ပြီး သူ့သားမှာ လုပ်စရာတွေရှိသေးလားလို့ မေးတော့ သူက “ပန်းကန်ဆေးစက်ထဲကပန်းကန်တွေကိုထုတ်ဖို့နဲ့ခွေးကိုအစာကျွေးဖို့ ကျွန်မတို့သတိပေးရဉီးမယ်” လို့စနောက်ဖြေကြားခဲ့ပါတယ်။

စာအုပ်ပေါင်း ၁၂၀,၀၀၀ ကိုစုဆောင်းမိနေပြီး အသုံးပြုထားတဲ့စာအုပ်တွေကို လှူဒါန်းပေးကြဖို့ နိုင်ငံတစ်ဝှမ်းက လူတွေကို အိုရီရမ်အကူအညီတောင်းခံနေပါတယ်။ “ကျွန်တော်မှာ ကိန်းအောင်းနေခဲ့ဖူးတဲ့အရာက လူတွေကို အကြင်နာတရားကိုဆက်ပြီးထိန်းထားနိုင်ဖို့နဲ့ ဒီမစ်ရှင်မှာ ကျွန်တော်ဆက်ပြီးပါဝင်နိုင်ဖို့ လုံလောက်တယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဒါဟာ တစ်ကြိမ်တည်းမဟုတ်သလို ၊ သုံးကြိမ်မဟုတ်တဲ့ အရာလည်းဖြစ်ပါတယ်။ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့အရာပါပဲ”လို့ အိုရီရမ်က ဆိုပါတယ်။

ရည်မှန်းချက်ကြီးမားတဲ့ အသက် ၁၀ နှစ်အရွယ် အိုရီရမ်ရဲ့နှလုံးသားကတော့ သူ့ရဲ့အသက်အရွယ်ထက်တောင်ကြီးမားလို့နေပါတယ်။

Ref: CBSNews “Texas boy on a mission to share his love of reading: “It’s all about my moral duty to help people”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top