COVID-19 လူနာတွေကို ဆေးရုံ အခမဲ့လိုက်ပို့ပေးနေခဲ့တဲ့ တက္ကစီသမားကို ကျန်းမာရေးဝန်ထမ်းတွေ လက်ခုပ်သံများနဲ့ ဂုဏ်ပြုခဲ့ကြ

23-4-2020-yyl-016.jpg

COVID-19 နဲ့ ပတ်သက်ပြီး ရိုင်းပြစော်ကားပြောဆိုနေတဲ့ ဗီဒီယိုတွေကို လူမှုကွန်ယက်ပေါ်မှာ အများဆုံးတွေ့မြင်ကြရပါတယ်။ ဒါပေမဲ့ အခုအကြောင်းအရာရဲ့ဗီဒီယိုလေးကတော့ ကြည့်ရှုရသူတိုင်းကို စိတ်ပူပန်မှုတွေ ခေတ္တသက်သာရာ ရကြမှာပါ။ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ပြည်နယ်တွင်းဆေးရုံတွေဆီ အခမဲ့လိုက်ပို့ပေးနေတဲ့ စပိန်လူမျိုးတက္ကစီသမားကို ဆရာဝန်တွေနဲ့ သူနာပြုတွေက သူ့ရဲ့ကြင်နာတရားကြောင့် ကျေးဇူးတင်ခဲ့ကြပါတယ်။

အဲဒီတက္ကစီသမားကို ဆေးရုံက လူနာလာကြိုပေးပါလို့ ညာခေါ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြတာပါ။ အမည်မသိအမျိုးသားဟာ ဆေးရုံကို ရောက်လာတဲ့အချိန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက လက်ခုပ်သံများနဲ့ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီလိုကြိုဆိုခဲ့ကြတဲ့ဗီဒီယိုကို စပိန်တက္ကစီအသိုင်းအဝိုင်းက တွစ်တာအကောင့်မှာတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို ဘယ်မှာရိုက်ခဲ့တာလဲဆိုတာတော့ မသိရပါဘူး။

အဲဒီတက္ကစီသမားက တက္ကစီခမယူဘဲ လူနာတွေကို ပုံမှန်လိုလိုဆေးရုံပို့ပေးတဲ့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူ့ကို သတိထားမိနေခဲ့တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူ့ကို လက်ခုပ်သံများနဲ့ ကြိုဆိုခဲ့ရုံသာမက စာအိတ်တစ်အိတ်ကိုလည်းပေးခဲ့ပါတယ်။ “ဒါက မင်းအတွက် လက်ဆောင်ပါ” လို့ ဆေးရုံဝန်ထမ်းတွေထဲက တစ်ယောက်က သူ့ကို COVID-19 ဆေးစစ်ချက်မပေးခင် ပြောခဲ့ပါတယ်။ ဝမ်းသာစရာပါပဲ။ အဲဒီတက္ကစီသမားက COVID-19 ပိုးမတွေ့ရှိပါဘူး။ သူက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အခုလို အံ့အားသင့်အောင် လုပ်ခဲ့တဲ့အတွက် ဝမ်းသာပီတီမျက်ရည်ကျခဲ့ရပြီး “ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆေးရုံဝန်ထမ်းတစ်ဦးကလည်း “ကျွန်မတို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ရင်ထဲထိစေတဲ့ဒီဗီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ (၁၂.၇) သန်းကြည့်ရှုခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လက်ခုပ်သြဘာသံများနဲ့ ကြိုဆိုတော့ တက္ကစီသမားက ဆေးရုံတံခါးပေါက်မှာ မတ်တပ်ရပ်လျက်တွေ့ရမှာဖြစ်ပါတယ်။ တက္ကစီအသိုင်းအဝိုင်းက အဲဒီတက္ကသမားဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ Surprise ကြောင့် မျက်ရည်ကျတာကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စပိန်နိုင်ငံက COVID-19 ကူးစက်ခံရမှုအများဆုံး (၁၀) နိုင်ငံမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ COVID-19 ကူးစက်ခံရသူ (၂၀၈,၃၈၉) ဦး နဲ့ သေဆုံးသူဦးရေ (၂၁,၇၁၇) ဦး ရှိနေပါပြီ။

ဗီဒီယို – https://tinyurl.com/y7wl7h9x

Ref: Spanish taxi driver moved to tears after hospital hails him for driving Covid-19 patients free of charge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top