ဘုံဂျွန်ဟို၊ Parasite နဲ့ ကိုရီးယားရုပ်ရှင်လောက အနာဂတ်

yyl-002-6.jpg

၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Parasite ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး နိုင်ငံတကာဇာတ်ကားဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု စတဲ့ ဆု(၄)ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကိုရီးယားစကားပြောတဲ့ Parasite ဇာတ်ကားဟာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားအဖြစ် အော်စကာဆုရခဲ့တဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ Parasite ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဘုံဂျွန်ဟိုကလည်း တောင်ကိုရီးယားဒါရိုက်တာတွေထဲမှာ အော်စကာဆု ပထမဆုံးရတဲ့ ဒါရိုက်တာဖြစ်လာပါတယ်။

ဘုံဂျွန်ဟိုက သူ့အဘိုးဆီကနေ အနုပညာဗီဇ ဆက်ခံခဲ့တယ်လို့ ဆိုရမှာပါ။ ဘုံဂျွန်ဟိုရဲ့ အမေဘက်က တော်စပ်တဲ့ အဘိုးဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တွေ ကိုလိုနီအဖြစ် နယ်ချဲ့ခဲ့တုန်းက နာမည်ကျော်ကြားခဲ့တဲ့ စာရေးဆရာပါ။ (A day in the life of kubo the novelist စာအုပ်က စာရေးဆရာ ပက်ထဲဝမ်ရဲ့ နာမည်ကျော်စာအုပ်ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ပက်ထဲဝမ်က မြောက်ကိုရီးယားနိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံခဲ့ပြီး သူ့သမီး(ဘုံဂျွန်ဟိုရဲ့အမေ)ကတော့ တောင်ကိုရီးယားနိုင်ငံဘက်မှာ ကျန်နေရစ်ခဲ့တာပါ။ ဘုံဂျွန်ဟိုက သူတို့မိသားစုမှာ အငယ်ဆုံးသားပါ။ ယွန်ဆေး တက္ကသိုလ်မှာ လူမှုဗေဒပညာရပ် သင်ကြားခဲ့တဲ့ ဘုံဂျွန်ဟိုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ကောလိပ်ကျောင်းသားဘဝမှာ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ယဉ်ပါးခဲ့သူပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရအမိန့်ကြောင့် ၂ နှစ်ကြာ စစ်မှုထမ်းခဲ့ရတဲ့ ဘုံဂျွန်ဟိုဟာ ၁၉၉၂ ခုနှစ်မှာ ကောလိပ် ပြန်တက်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်မှာ တခြားတက္ကသိုလ်တွေက ကျောင်းသားတွေနဲ့အတူ Yellow Door ရုပ်ရှင်ကလပ်ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ရုပ်ရှင်လောက ပထမဆုံးခြေလှမ်းပါ။

ရုပ်ရှင်လောကမှာ ဘုံဂျွန်ဟိုအပေါ် လွှမ်းမိုးမှုအရှိဆုံးကတော့ အမေရိကန်ဒါရိုက်တာ မာတင်ချားစ်စကော်ဆီဆေးပါပဲ။ ရုပ်ရှင်လောကမှာ နှစ် (၅၀)ကျော် ကျင်လည်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ အထင်ကရပုဂ္ဂိုလ်များခန်းမမှာ ကမ္ဗည်းရေးထိုးခံခဲ့ရတဲ့ စကော်ဆီဆေးဟာ The Aviator ၊ The Departed ၊ Hugo၊ The Wolf of Wall Street စတဲ့ ကမ္ဘာကျော်ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ ဘုံဂျွန်ဟိုရဲ့ဇာတ်ကားတွေမှာ လူ့အဖွဲ့အစည်းအပေါ် မက်ဆေ့ပေးချင်တဲ့ အကြောင်းအရာ၊ လူတွေ ဖွင့်ဟဆွေးနွေးဖို့ တွန့်ဆုတ်နေတဲ့ အကြောင်းအရာတွေကို ဟာသအမြင်နဲ့ ရောစပ်ဖော်ပြတာ၊ ဇာတ်ကားအမျိုးအစားကို ရောနှောတင်ပြတာ(ဥပမာ Parasite ဇာတ်ကားဆိုရင် ဟာသနဲ့ လျှို့ဝှက်သည်းဖိုကို ပေါင်းစပ်ဖော်ပြတာ)၊ ရုပ်ရှင်ကြည့်သူရဲ့ စိတ်ခံစားချက်ကို တမဟုတ်ချင်း ပြောင်းလဲသွားစေနိုင်တဲ့ အချိုးအကွေ့တွေ ပါလေ့ရှိပါတယ်။ ဒါက ဘုံဂျွန်ဟိုရဲ့ Trademark လို့တောင် ဆိုနိုင်ပါတယ်။ Parasite ကားထဲမှာ ကင်မိသားစုတွေ သူဌေးပက်ရဲ့အိမ်မှာ ဇိမ်ကျနေတုန်း သူဌေးပက်ရဲ့အိမ်တော်ထိန်းဟောင်း ရောက်လာပြီး ဇာတ်လမ်းကို ချိုးကွေ့လိုက်တာမျိုးပါ။ အဲဒီလိုအချိုးအကွေ့တွေကို Parasite မှာတင်မကဘဲ The Host၊ Mother ၊ Memories of Murder ၊ Okja ဇာတ်ကားတွေမှာလည်း တွေ့နိုင်ပါတယ်။ ခန့်မှန်းလို့မရနိုင်တဲ့ ဇာတ်အိမ်ဖွဲ့မှုက ပရိသတ်တွေကို ”ဘာ ဆက်ဖြစ်မလဲ။ ဘာ ဆက်ဖြစ်မလဲ”ဆိုတဲ့ သိချင်စိတ် နိုးဆွမှု ဖြစ်စေပါတယ်။

ဘုံဂျွန်ဟိုက Parasite ဇာတ်ကားကို ရိုက်ဖို့ ၂၀၁၃ ခုနှစ်ကတည်းက အကြံရခဲ့တာပါ။ လူတွေက သူစိမ်းတွေရဲ့ ပုဂ္ဂလိကဘဝတွေကို စပ်စုရတာမျိုး ၀ါသနာပါလေ့ရှိတာ တွေးမိပြီး ဒီဇာတ်ကားကို ဖန်တီးဖြစ်ခဲ့တာပါ။ ဘုံဂျွန်ဟိုကိုယ်တိုင်လည်း ကျောင်းသားဘဝတုန်းက သူဌေးတစ်ယောက်ရဲ့အိမ်မှာ သချင်္ာကျူရှင်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ Parasite ဇာတ်ကားထဲက ကီဝူလိုတော့ မဟုတ်ပါဘူး။ ဘုံဂျွန်ဟိုက သချင်္ာညံ့လွန်းလို့ လအနည်းငယ်အကြာမှာပဲ အလုပ်ထုတ်ခံခဲ့ရသူပါ။ ဘုံဂျွန်ဟိုဟာ သူဌေးတစ်ယောက်ရဲ့ကလေးကို စာပြခဲ့တုန်းက အဲဒီမိသားစုဝင်ဖြစ်လာချင်တဲ့ စိတ်ကူးလေးရှိခဲ့ဖူးပါတယ်။ အဲဒီစိတ်ကူးလေးဟာ Parasite ဇာတ်ကားဖြစ်လာစေမဲ့ သန္ဓေလို့ တင်စားရင် လွန်မယ်မထင်ပါဘူး။ Parasite ဇာတ်ကားက လူတန်းစားတိုက်ပွဲကို ပုံဖော်ထားတာပါ။ လိုလေသေးမရှိ ပြီးပြည့်စုံအောင် ချမ်းသာတဲ့ ပက်မိသားစုနဲ့ ဆင်းရဲလွန်းလို့ မှောင်မိုက်ပြီး ကျဉ်းမြောင်းတဲ့ မြေအောက်အခန်းကျဉ်းထဲမှာ နေထိုင်ရတဲ့ ကင်မိသားစုကို နှိုင်းယှဉ်ပြပြီး လူ့အတွင်းစိတ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေကို တို့ခနဲ၊ ထိခနဲ ဖော်ပြထားပါတယ်။ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုက တစ်ကမ္ဘာလုံးမှာ ကြုံနေရတဲ့ ဖြစ်ရပ်မို့လို့ ဒီဇာတ်ကားက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။ Parasite ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ ဘုံဂျွန်ဟိုရဲ့ အမြင်က ထူးခြားပါတယ်။ ”ဒီဇာတ်ကားက လူပြက်မပါတဲ့ ဟာသကား၊ ဗီလိန်မပါဘဲ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ကားပါ။ ဇာတ်ကောင်အားလုံးက ထွေးရောယှက်တင်ဖြစ်ပြီး လှေကားထစ်ကနေ ဇောက်ထိုးပြုတ်ကျသွားသလိုပေါ့”လို့ ဘုံဂျွန်ဟိုက ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ ဘယ်သူက Parasite လဲဆိုတာ ပရိသတ်တွေကိုယ်တိုင် ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်ခံစားချက်နဲ့ကိုယ်လွတ်လွတ်လပ်လပ် သတ်မှတ်ကြဖို့ ဘုံဂျွန်ဟိုက လမ်းဖွင့်ပေးထားတဲ့သဘောပါ။

Parasite ဇာတ်ကားက ဇာတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမဲ့ ကင်မိသားစုမှာ နေထိုင်တဲ့ မြေအောက်အခန်းကျဉ်းလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ရှိပါတယ်။ ဘန်ဂျီဟာလို့ ခေါ်တဲ့ ဒီအခန်းတွေက ကျဉ်းလွန်းလို့ ဧည့်သည်လာရင် ထိုင်စရာနေရာ မနည်းရှာရပါတယ်။ ခေါင်းလျှော်တဲ့နေ့တွေဆိုရင် မတ်တပ်ရပ်ပြီး ခေါင်းသုတ်တဲ့အခါ အခန်းခေါင်မိုးက လက်နဲ့မလွတ်ပါဘူး။ နေရောင်မထိရလို့ အဲဒီမြေအောက်ခန်းတွေက အောက်သိုးသိုးအနံ့ထွက်နေတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ပက်မိသားစု နေထိုင်တဲ့ အိမ်ကြီးကတော့ တကယ့်အိမ်အစစ်မှာ ရိုက်ထားတာမဟုတ်ပါဘူး။ အိမ်တစ်ခုလုံးကို Program နဲ့ ပုံဖော်ထားတာပါ။ မြေအောက်ခန်းပါတဲ့ ပက်မိသားစုနေအိမ်ကို Program နဲ့ပုံဖော်ရတာက Production Designer လီဟာဂျွန်တို့အဖွဲ့အတွက် စိိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ကြိုးစားရကျိုးနပ်ခဲ့ပါတယ်။ Parasite ဇာတ်ကားဟာ အော်စကာဆု (၄)ဆုအပါအဝင် စုစုပေါင်း ဆု(၁၈၄)ခုတောင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က အစိုးရအဖွဲ့ အစည်းအဝေးလုပ်ချိန်မှာ Parasite ဇာတ်ကားရဲ့ အောင်မြင်မှုကို လက်ခုပ်တီးဂုဏ်ပြုပြီး အစည်းအဝေးစတင်ဖွင့်လှစ်ခဲ့တာပါ။ ”Parasite ဇာတ်ကားဟာ အထူးခြားဆုံး ကိုရီးယားဇာတ်လမ်းတစ်ပုဒ်ကို ထင်ဟပ်ပြပြီး ကမ္ဘာတစ်ဝန်းက လူတွေရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားက ဘယ်လောက်အင်အားကြီးလဲ၊ ဘယ်လောက် သက်ဝင်ခံစားစရာဖြစ်စေလဲဆိုတာ ကျွန်တော်တို့ကို ပြသလိုက်တာပါပဲ”လို့ မွန်ဂျေအင်က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေက ရုပ်ရှင်ဝါသနာအိုးတွေပါ။ ရုံဝင်ကြေးမှတ်တမ်းအရဆိုရင် တောင်ကိုရီးယားရုပ်ရှင်လုပ်ငန်းက ကမ္ဘာပေါ်မှာ အဆင့်(၅)ချိတ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ကိုရီးယားလှိုင်းလို့ တင်စားကြတဲ့ ကိုရီးယားဒရာမာ၊ ကေပေါ့နဲ့ ကိုရီးယားရုပ်ရှင်ကားတွေအတွက် ငွေကြေး အင်တိုက်အားတိုက် သုံးနေတာ ဆယ်စုနှစ်တစ်ခုကြာပါပြီ။ ဒီနှစ်မှာတော့ ကိုရီးယားရုပ်ရှင်ကောင်စီက တောင်ကိုရီးယားရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝမ်ဘီလျံ ၁၀၀(အမေရိကန်ဒေါ်လာ ၈၅ သန်း)ပေးအပ်ထားပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်ထက်စာရင် ၃၂ ရာခိုင်နှုန်း တိုးတက်လာတဲ့သဘောပါ။

Parasite ဇာတ်ကားက နိုင်ငံတကာမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပေမဲ့ အနုပညာလောကမှာ ကေပေါ့အဖွဲ့ (BTS)က သူ့ရဲ့လွှမ်းမိုးမှုထက် အဆ ၃၀၀၀ လောက် ပိုအားကောင်းတယ်လို့ ဘုံဂျွန်ဟိုက ပြောပါတယ်။ ဘုံဂျွန်ဟိုက နောက်ထပ်ဇာတ်ကား ၂ ကားရပ်ဖို့ စီစဉ်နေပါတယ်။ တစ်ကားကတော့ ကိုရီးယားစကားပြော ဇာတ်ကားပါ။ နောက်တစ်ကားကတော့ အင်္ဂလိပ်စကားပြော ဇာတ်ကားပါ။ ကိုရီးယားစကားပြောဇာတ်ကားကတော့ ဆိုးလ်မြို့မှာ ရိုက်မှာပါ။ ကြောက်လန့်စရာ အက်ရှင်ဇာတ်ကားပါ။ အင်္ဂလိပ်စကားပြော ဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးမယ့် ဒရာမာဇာတ်ကားပါ။ အဲဒီကားကိုတော့ ဗြိတိန်မှာတစ်ဝက်၊ အမေရိကန်နိုင်ငံမှာ တစ်ဝက်ရိုက်ဖို့ ရှိနေပါတယ်။ အော်စကာဆုပေးပွဲမှာ Parasite ဇာတ်ကား ဆု(၄)ဆု ရခဲ့တာက တောင်ကိုရီးယားနိုင်ငံအတွက် သမိုင်းဝင် အခိုက်အတန့်ဖြစ်သလို တောင်ကိုရီးယားနိုင်ငံကိုလည်း အနုပညာလောကရဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာစေခဲ့ပြီ။ အရင်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ အနုပညာပါရမီ ဒီလောက်ကောင်းမယ်လို့ မသိခဲ့သူတွေကလည်း အခုချိန်မှာ သိသွားခဲ့ပြီဖြစ်လို့ ဘုံဂျွန်ဟိုနဲ့အတူ တောင်ကိုရီးယားရုပ်ရှင်လောကကို စောင့်ကြည့်နေကြမှာ အသေအချာပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top