တီဗီစီးရီးအောင်မြင်ခဲ့ပေမဲ့ Netflix ကနေ အပိုဆုကြေးမရခဲ့ဘူးဆိုတဲ့ Squid Game ပဲ့ကိုင်ရှင်

29-10-2021yyl6.jpg

Squid Game တီဗီစီးရီးက Netflix ရဲ့အအောင်မြင်ဆုံးရှိုးဖြစ်တယ်ဆိုတာကို မကြာသေးခင်ကမှ ကြေညာထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ တီဗီစီးရီးကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ် (Hwang Dong Hyuk) ကတော့ တီဗီစီးရီးအောင်မြင်သလောက် အဲဒီရလဒ်ကို မခံစားခဲ့ရတဲ့ပုံပါပဲ။ သူ ဖန်တီးခဲ့တဲ့ Squid Game ရဲ့အောင်မြင်မှုအတွက် ဘောနပ်လိုမျိုး အခြားဘယ်အရာမှ Netflix ကနေ မရရှိခဲ့ဘူးလို့ ထုတ်ပြောပြခဲ့ပါတယ်။

အသက် ၅၀ အရွယ် ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က Squid Game မထုတ်လွှင့်ခင် Netflix နဲ့ သဘောတူထားခဲ့တာထက် ပိုပြီး ဘာမှ မရခဲ့ဘူးလို့ The Guardian သတင်းဌာနကို ပြောခဲ့ပါတယ်။ “ကျွန်တော် အဲဒီလောက် မချမ်းသာပါဘူး။ ဒါပေမဲ့ လုံလုံလောက်လောက်တော့ရှိပါတယ်။ စားပွဲမှာ အစားအစာပြင်ဆင်စားသောက်ဖို့တော့ လုံလောက်ပါတယ်။ Netflix က ကျွန်တော့်ကို ဘောနပ် ပေးတာမှမဟုတ်တာ။ Netflix က မူလစာချုပ်အရပဲ ကျွန်တော့်ကို ပေးခဲ့တာပါ”လို့ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က ဆိုပါတယ်။

Squid Games ရဲ့ဇာတ်သိမ်းကို မကြိုက်ဘူးလို့ ဆိုတဲ့ ဘတ်စကက်ဘောကစားသမား လီဘရွန် ဂျိမ်းစ် (LeBron James) ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်း ဒါရိုက်တာက အခုလိုဖြေကြားထားပါတယ်။ “လီဘရွန် ဂျိမ်းစ်က တော်တဲ့သူပါ။ သူ လိုချင်တာကို ပြောလို့ရပါတယ်။ အဲဒါကို ကျွန်တော် လေးစားတယ်။ စီးရီးတစ်ခုလုံးကို ကြည့်တဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဇာတ်သိမ်းကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့အဆုံးသတ်ပါပဲ။ သူ့ကို စိတ်ကျေနပ်စေမယ့် ကိုယ်ပိုင်ဇာတ်သိမ်းရှိတယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်နောက်ဆက်တွဲဇာတ်လမ်းကို ဖန်တီးလို့ရပါတယ်။ ကျွန်တော်လည်း သူဇာတ်လမ်းကို ကြည့်ပြီး သူ့ရဲ့ဇာတ်သိမ်းကို မကြိုက်ရင် “ဇာတ်သိမ်းကလွဲပြီး ငါ မင်းရဲ့ရှိုးတစ်ခုလုံးကို ကြိုက်တယ်” ဆိုတဲ့ မက်ဆေ့စ်မျိုး ပို့မိမှာပါပဲ”လို့ ဆိုပါတယ်။

နောက်ထပ်ဇာတ်လမ်းဖန်တီးဖို့အတွက်လည်း ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က “ကျွန်တော် အင်တာဗျူးတွေ ဖြေရတယ်။ ရှိုးက အဲဒီလိုအောင်မြင်ခဲ့တဲ့အတွက် အဲဒါကတော့ ရှောင်လွှဲလို့မရပါဘူး။ ကျွန်တော် ဒါကို စဉ်းစားနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖန်တီးဖို့ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဒါကို ချက်ချင်းရိုက်မှာမဟုတ်ပါဘူး။ ကျွန်တော် တကယ် ရိုက်ချင်တဲ့ ဇာတ်ကားတစ်ကားလည်းရှိတယ်။ ဘယ်ဟာကို အရင်လုပ်ရမလဲ စဉ်းစားနေတယ်။ Netflix နဲ့ စကားပြောကြည့်ရဉီးမယ်။ Squid Gameရဲ့ winner လိုမျိုး ချမ်းသာလာဖို့အတွက် Season 2 ကို ဖန်တီးဖို့ ဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref: Ladbible “Squid Game Creator Didn’t Receive A Bonus From Netflix After Show’s Success”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top