ဆံပင်ကျွတ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ

27-10-2021yyl10.png

လူတစ်ယောက် ဆံပင်ကျွတ်တာကြုံတွေ့ရရင် အဲဒီနောက်ကွယ်မှာ အကြောင်းအရင်းများစွာရှိတယ်ဆိုတာ သင်သိပါသလား။ ဆေးကုသမှုခံယူရခြင်းရဲ့အကျိုးဆက်ကြောင့်ဖြစ်နိုင်သလို သင်မှာရှိနေတဲ့ရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာက အရမ်းကြီးစိုးရိမ်စရာမလိုပေမဲ့ အရမ်းကြီးဆိုးရွားလာရင် ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင် ဆံပင်ကျွတ်ရတဲ့အကြောင်းအရင်းကို အဖြေရှာကြည့်သင့်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပြီးတဲ့သူတွေလည်း နောက်ဆက်တွဲအနေနဲ့ ဆံပင်ကျွတ်တာကို ကြုံတွေ့နေရပါတယ်။ ကိုဗစ်ကြောင့်အပြင် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတချို့ကတော့

သိုင်းရွိုက်ဟော်မုန်းပြဿနာ

ဆံပင်ကျွတ်တာက ဟော်မုန်းမညီမျှခြင်းရဲ့အကျိုးဆက်ဖြစ်နိုင်ပါတယ်။ ဟော်မုန်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ကောင်းကောင်းလုပ်ဆောင်နိုင်အောင် ကူညီပေးပြီး ဆံပင်သန်ဖို့အတွက်လည်း အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သိုင်းရွိုက်က ဆံပင်သန်ဖို့အတွက် လိုအပ်တဲ့ သံဓာတ်၊ ကယ်စီယမ်လို မရှိမဖြစ်အာဟာရဓာတ်တွေ စုပ်ယူဖို့အတွက် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကို ထိန်းချုပ်ပေးတဲ့အရာဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်း၊နည်းခြင်းနှစ်ခုလုံးက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Alopecia areata ရောဂါ

Alopecia areata ဆိုတာက ခုခံအားစနစ်အတွင်းဖြစ်တဲ့ရောဂါဖြစ်ပြီး ဆံပင်ကျွတ်တာကို ဖြစ်ပေါ်စေပြီး ဆံပင်ပတ်ပတ်လည်မှာ ကွက်တိကွက်ကျားဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က ဆံပင်မွေးညင်းပေါက်ကို တိုက်ခိုက်တဲ့အခါ ဖြစ်လာရပြီး ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါက ယာယီဖြစ်နိုင်သလို အမြဲတမ်းလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကုသလို့ရနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။

လူးပက်စ်ရောဂါ (Lupus)

လူးပက်စ်ကလည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်တဲ့ ခုခံအားစနစ်အတွင်းဖြစ်တဲ့နောက်ထပ်ရောဂါဖြစ်ပါတယ်။ အရေပြားနီမြန်းရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ ဉီးရေပြားမှာပါ။ လူးပက်စ်ရောဂါဖြစ်လာရင် ဉီးရေပြားက ဆံပင်တွေကို တဖြည်းဖြည်းချင်း ပါးသွားစေပြီး နောက်ဆုံးမှာ ထိပ်ပြောင်သွားစေနိုင်ပါတယ်။ ခေါင်းက ဆံပင်အပြင် မျက်တောင့်၊ မျက်ခုံး၊ မုတ်ဆိတ်မွေး အပါအဝင် ခန္ဓာကိုယ်က အမွေးအမှင်တွေကို ဆုံးရှုံးရနိုင်ပါတယ်။ အရေပြားလေးဘက်နာကလည်း လူးပက်စ်ရောဂါအမျိုးအစားထဲမှာပါဝင်ပါတယ်။ အထက်မှာပြောထားတဲ့ ခန္ဓာကိုယ်က အမွေးအမှင်တွေ ပုံမှန်ထက်ကျွတ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

အာဟာရချို့တဲ့ခြင်း

အာဟာရချို့တဲ့ရင်လည်း ဆံပင်ကျွတ်တာဖြစ်နိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါကြောင့် ကျွမ်းကျင်ပညာရှင်တော်တော်များများက ဆံပင်အရှည်မြန်ဖို့နဲ့ ဆံပင်သန်မာဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်စွာစားသုံးဖို့ အကြံပြုကြပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်နည်းပါးရင်လည်း ဆံပင်ကျွတ်တာဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုနဲ့ ဆံပင်ကျွတ်ခြင်း

စိတ်ဖိစီးရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် လူတစ်ယောက်က အလွယ်တကူဆံပင်ကျွတ်လာနိုင်ပါတယ်။ ဉီးရေပြားကနေ ဆံသားတွေကျွတ်လာနိုင်သလို မျက်ခုံးမွေးတွေလည်း ကျွတ်နိုင်ပါတယ်။ ဒါတွေက စိတ်ဖိစီးမှုရဲ့ရလဒ်ကြောင့်ပါပဲ။

(ဗဟုသုတဖြစ်ဖွယ် သိရှိစေဖို့ စာဖတ်ပရိသတ်တွေကို မျှဝေပေးခြင်းဖြစ်ပါတယ်။ အသေးစိတ်သိရှိချင်ရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်သင့်ပါတယ်)

Ref: Medical conditions that can cause hair loss

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top