ရုရှားနိုင်ငံမှာ McDonald’s၊ Starbucks၊ Coca-Cola အပါအဝင် နာမည်ကြီးဆိုင်တွေ ပိတ်သိမ်း

9-3-2022-yyl03.jpg

ဗလာဒီမာပူတင်ရဲ့ကျူးကျော်စစ်လုပ်ရပ်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ကိုယ်ပိုင်ပြစ်ဒဏ်ချမှတ်မှုတွေ လုပ်ဆောင်နေကြတဲ့ ကုမ္ပဏီတွေများလာနေပါပြီ။ အဲဒီကုမ္ပဏီစာရင်းတွေထဲမှာ နာမည်ကြီးကုန်ပစ္စည်းတံဆိပ်ကုမ္ပဏီတွေဖြစ်တဲ့ Starbucks၊ Coca-Cola၊ Pepsi၊ McDonald’s၊ Amazon တို့ ပါဝင်လာခဲ့ပြီး ရုရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းပစ်ခဲ့ပါတယ်။

Coca-Cola၊ Pepsi ကုမ္ပဏီတွေက ရုရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းကို ရပ်ဆိုင်းမယ်ဆိုတာကို အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ Coca-Cola က “ယူကရိန်းမှာ ဒီလိုကြေကွဲဖွယ်ဖြစ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ကြံ့ကြံ့ခိုင်ကျော်လွှားနေတဲ့သူတွေနဲ့ ကျွန်တော်တို့ တစ်သားတည်းရှိနေပါတယ်။ အခြေအနေတွေပြောင်းလဲလာတာနဲ့အမျှ အခြေအနေကို ဆက်လက်စောင့်ကြည့်၊ ဆုံးဖြတ်သွားမှာပါ” လို့ ဖော်ပြထားပါတယ်။

ရုရှားမှာ နှစ်ပေါင်း ၆၀ ကျော် လည်ပတ်လုပ်ကိုင်နေခဲ့တဲ့ Pepsi က “ကျွန်တော်တို့လုပ်ငန်းရဲ့ လူသားချင်းစာနာထောက်ထားမှု ကဏ္ဍကို သစ္စာစောင့်သိရမယ်” လို့ စီးအီအို ရာမွန် လာဂူအာတာက စာတစ်စောင်ရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကကျွန်တော်တို့ရဲ့ယူကရိန်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ဆက်လက်လုပ်ဆောင်ဖို့ပါပဲ။ ကျွန်တော်တို့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူတို့ရဲ့မိသားစုတွေအတွက် ဘေးကင်းစေဖို့ ယူကရိန်းက လုပ်ငန်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားပြီး ကျွန်တော်တို့ရဲ့အဖွဲ့က တိုးတက်မှုတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေပါတယ်။

Pepsi ဟာ အိမ်နီးချင်းနိုင်ငံတွေက ယူကရိန်းဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေဆီ နွားနို့နဲ့ ရေခဲသေတ္တာလှူဒါန်းတာအပါအဝင် အကူညီတွေ ဆက်လက်ပေးသွားမှာဖြစ်ပြီး တိုးပွားလာတဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အိမ်နီးချင်းနိုင်ငံတေတွမှာ အစားအစာနဲ့ဖျော်ရည်တွေကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ ရာမွန်က ပြောကြားခဲ့ပါတယ်။

McDonald’s ကလည်း ရုရှားနိုင်ငံက ဆိုင် ၈၅၀ ကို ပိတ်ပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ McDonald’s အမှတ်တံဆိပ်မှာ လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်း ၆၂,၀၀၀ ကို ဆက်လက်လစာပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ McDonald’s ဟာ ယူကရိန်းနိုင်ငံက စားသောက်ဆိုင် ၁၀၈ ဆိုင်ကိုလည်း ယာယီပိတ်ထားပြီး အဲဒီက ဝန်ထမ်းတွေကို လစာဆက်လက်ပေးထားမှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာပဲ Starbucks ကလည်း စီအီးအို ကယ်ဗင် ဂျွန်ဆန် (Kevin Johnson) နဲ့အတူ ဝန်ထမ်းတွေဆီ စာတစ်စောင်ရေးသားခဲ့ပါတယ်။ “ဒီကနေ့ Starbucks ထုတ်ကုန်တွေ တင်ပို့ရောင်းချခြင်းအပါအဝင် ရုရှားနိုင်ငံက စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော်တို့ရဲ့လိုင်စင်ရပါတနာက စတိုးဆိုင်လည်ပတ်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့ သဘောတူညီခဲ့ပြီး၊ သူတို့ရဲ့စားဝတ်နေရေးအတွက် Starbucks ကို မှီခိုနေရတဲ့ ရုရှားနိုင်ငံက ပါတနာ၂၀၀၀ နီးပါးကို ပံ့ပိုးကူညီသွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Amazon Web Services ကလည်း ရုရှားနိုင်ငံ က AWS အတွက် Sign-ups အသစ်တွေခွင့်ပြုတာကို ရပ်တန့်လိုက်ပြီလို့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “အခြားအမေရိကန်နည်းပညာပံ့ပိုးပေးတွေနဲ့မတူဘဲ၊ AWS က ရုရှားမှာ ဒေတာစင်တာတွေ၊ အခြေခံအဆောက်အအုံတွေ၊ ရုံးတွေမရှိပါဘူး။ ကျွန်တော်တို့မှာလည်း ရုရှားအစိုးရနှင့် စီးပွားရေးမလုပ်ဆောင်မယ့် ကာလရှည်ကြာတဲ့ မူဝါဒရှိပါတယ်” လို့ ကုမ္ပဏီက ဆိုခဲ့ပါတယ်။

McDonald’s၊ Coca Cola၊ Pepsi နဲ့ Starbucks တို့ ရုရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းပိတ်သိမ်းလိုက်ပြီးတဲ့နောက်မှာတော့ KFC ဟာ ရုရှားနိုင်ငံက ဆိုင်ပေါင်း ၁၀၀၀ ကို ပိတ်ပစ်ဖို့ ဖိအားပေးမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ KFC ရဲ့ပြိုင်ဘက်ကုမ္ပဏီတွေက ဆိုင်တွေကို ပိတ်သိမ်းမယ့် အစီအစဉ်ကို ကြေညာပြီးတဲ့နောက် ရုရှားမှာ ဆက်လက်ဖွင့်နေတဲ့ အမေရိကန်ပိုင် Fast Food ဆိုင်အဖြစ်ရှိနေပါတယ်။

ဒါပေမဲ့ ဖိအားပေးမှုကြောင့် Yum Brands ပိုင်ဆိုင်တဲ့ KFC က ရုရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအားလုံးနဲ့ စားသောက်ဆိုင်အသစ်တွေကို ဆိုင်းငံ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုတွေအတွက် ရုရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်မှုက ရရှိတဲ့ အကျိုးအမြတ်အားလုံးကို လှူဒါန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ‘ကမ္ဘာတစ်ဝှမ်းက လူတွေလိုပဲ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေကြောင့် ကျွန်တော်တို့ တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်” လို့ Yum Brands ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ ကုမ္ပဏီဟာ ရုရှားနိုင်ငံက KFC ဆိုင် ၁၀၀၀ ခန့် နဲ့ Pizza Huts ဆိုင် ၅၀ အပါအဝင် စားသောက်ဆိုင်တွေကို ပိတ်ဖို့ တောင်းဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ အဲဒီဆိုင်နေရာအများစုက franchise သို့မဟုတ် လိုင်စင်သဘောတူညီချက်တွေကတစ်ဆင့် လုပ်ဆောင်ရပြီး အဲဒါတွေက ကုမ္ပဏီရဲ့ပိတ်ပစ်တာနဲ့ ရှုပ်ထွေးသွားစေနိုင်ပါတယ်။

ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေ ဒေါသထွက်နေတဲ့ကြားက အမေရိကန်ကုမ္ပဏီတွေကလည်း ရုရှားအပေါ် သူတို့ကိုယ်ပိုင် ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေက ရုရှားနိုင်ငံက နုတ်ထွက်ဖို့ ဖိအားတွေရင်ဆိုင်ခဲ့ရတာပါ။ Coca Cola ဆိုရင်လည်း သူတို့ရဲ့ထုတ်ကုန်တွေကို ရုရှားနိုင်ငံတွင်းက ဆွဲထုတ်ဖို့ တွစ်တာသုံးစွဲသူတွေက တောင်းဆိုခဲ့ပြီး #BoycottCocaCola ဆိုတဲ့ hashtag ခေတ်စားခဲ့ပါသေးတယ်။

Ref: Dailymail & Fox Business “Starbucks joins McDonald’s in closing All its Russians stores”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top