နှစ် ၇၀ အကြာမှာ အချစ်ဦးကို ပြန်ရှာဖွေခဲ့ပြီး ပြန်လည်တွေ့ဆုံခဲ့ကြတဲ့ အမျိုးသားတစ်ဦးရဲ့ဇာတ်လမ်း

4.5.2023-yyl-5.jpg

ဒွိန်မန်းဆိုသူဟာ ၁၉၅၃ ခုနှစ်က ကိုရီးယားစစ်ပွဲအတွင်း ဂျပန်မှာ တာဝန်ကျခဲ့တယ်။ အဲ့ဒီတုန်းက သူ့အသက် ၂၂ နှစ်အရွယ် ရေတပ်သားတစ်ယောက်၊ သူ တိုကျိုမှာ ရှိနေစဉ်အတွင်း ဂျပန်သူလေး ပတ်ဂီ ရာမာဂူချီနဲ့ ချစ်ကြိုက်မိသွားခဲ့တယ်။ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းက မြို့မှာ ဟိုးလေးတကျော်ဖြစ်လာခဲ့တယ်။ သူတို့အတွဲက တိုနီ ဘန်းနက်တ် နဲ့ အဲဗစ် ပရက်စလေတို့ရဲ့သီချင်းတွေနဲ့ ကကြတယ်။ လူတွေကလည်း ရပ်ပြီး ဝိုင်းကြည့်ခဲ့ကြတယ်။

၁ နှစ်အကြာမှာ အမေရိကန်ရေတပ်က ဒွိန်မန်းကို အမေရိကန်ကို ပြန်ပို့တဲ့အချိန် သူတို့ရဲ့ပျော်စရာအချစ်ဇာတ်လမ်းက ရပ်တန့်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ ရာမာဂူချီက သူနဲ့ရတဲ့ကိုယ်ဝန်လွယ်ထားရပြီ။ သူ့အိမ်ပြန်ရောက်တာနဲ့ ရာမာဂူချီကို လက်ထပ်ဖို့ စီစဉ်တွေဆွဲခဲ့တယ်။ စစ်ပွဲအတွင်း သူ သေဆုံးသွားခဲ့ရင်ဆိုပြီး ငွေစုဆောင်းထားခဲ့တယ်။ ဒါပေမဲ့ သူ့အစီအစဉ်က ထင်ထားသလိုဖြစ်မလာခဲ့ဘူး။ သူ့အဖေက သူစုဆောင်းထားတဲ့ပိုက်ဆံတွေကို သုံးပစ်ခဲ့တယ်။ ဒီအခြေအနေက သူ့ရဲ့မဟာအစီအစဉ်ကို ရပ်တန့်သွားစေခဲ့တယ်။ ရာမာဂူချီနဲ့ အဆက်အသွယ်မပြတ်ဘဲ သူ့ပိုက်ဆံ ပြန်စုဖို့ အဝေးပြေးလမ်းဖောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တယ်။

တစ်လကြာ စာပေးစာယူလုပ်ပြီးနောက် ရုတ်တရက်ဆိုသလို ရာမာဂူချီက သူ့ဆီစာမပို့တော့ဘူး။ သူ့ရဲ့အမေက ရာမာဂူချီပို့တဲ့စာတွေကို မီးရှို့ဖျက်စီးပစ်ခဲ့တယ်ဆိုတာ နောက်ပိုင်းမှသိခဲ့ရတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ရတယ်။ သူလည်း အခြားသူတွေလိုပဲ ဘဝကို ဖြတ်သန်းခဲ့တယ်။ သူ နှစ်ခါ လက်ထပ်ခဲ့ပြီး ကလေး (၆) ယောက် ရခဲ့တယ်။ ထုတ်ကုန်လုပ်ငန်းတစ်ခုကိုတောင် တည်ထောင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရာမာဂူချီကိုတော့ သူ့စိတ်ထဲကနေ ထုတ်ပစ်လို့မရခဲ့ဘူး။

နှစ် ၇၀ အကြာမှာတော့ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဒွိန်မန်းက ရာမာဂူချီကို ဆက်ပြီး ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၂၂ ခုနှစ် မေလမှာ သူဟာ ဖေ့စ်ဘွတ်ပေါ် ပို့စ်တင်ပြီး ရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းကို ဒေသတွင်းသတင်းဌာနတွေကလည်း စိတ်ဝင်စားလာခဲ့ပြီးတဲ့နောက်မှာ လူသိများလာခဲ့တယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကူအညီနဲ့ ဒွိန်မန်းက သူ့ရဲ့အချစ်ဦးနဲ့ ပြန်ဆုံစည်းခဲ့ရပါတယ်။

ရာမာဂူချီက သူ့မိသားစုနဲ့အတူ မီချီဂန်ပြည်နယ်မှာ နေထိုင်နေပါတယ်။ ဒွိန်က ရာမာဂူချီရဲ့နေရာကို သိသွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇွန်လ ၁ ရက်နေ့က သူ့သားနဲ့အတူ မီချီဂန်ပြည်နယ်ကို သွားရောက်တွေ့ဆုံခဲ့တယ်။ သူတို့အချင်းချင်းတွေ့ဆုံတဲ့အချိန် နှစ်ယောက်သား ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း အချိန်တွေကုန်ခဲ့ကြတယ်။ အဲဒီတုန်းက ဒွိန်နဲ့ရခဲ့တဲ့ကလေးကတော့ ပျက်ကျသွားခဲ့တယ်။ ဒါပေမဲ့ ရာမာဂူချီက သူ့ရဲ့သားအကြီးဆုံးနာမည်ကို ဒွိန်မန်းရဲ့နာမည် မှည့်ပေးခဲ့တယ်။ အခုတော့ ဒွိန်မန်းက သူ့အချစ်ဦးနဲ့ ပြန်တွေ့ခဲ့ရလို့ စိတ်အေးချမ်းသွားခဲ့ပါပြီ။

Ref: Story Of Duane Mann, The Man Who Searched For His Korean War Love For 70 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top