ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်မှာ နျူကလီးယား ဖျက်သိမ်းဖို့ မြောက်ကိုရီးယား ကတိပြုခဲ့  

kim-jong-uns-secret-trip-to-china-was-full-of-gourmet-food-wine-and-music-take-a-look-inside-the-lavish-visit.png.jpg
တရုတ်နိုင်ငံကို ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယား ဖျက်သိမ်းရေး၊ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရေးအတွက် ကတိပြုခဲ့တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံက အခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။ ခန့်မှန်းချက်တွေ နှစ်ရက်ကြာ ထွက်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံခဲ့တယ်လို့ မြောက်ကိုရီးယားနဲ့ တရုတ်နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။
ကင်ဂျုံအန်ဟာ တရုတ်နိုင်ငံဆီ မတ်လ ၂၅ ရက်နေ့မှ မတ်လ ၂၈ ရက်အထိ တရားဝင်မဟုတ်တဲ့ ခရီးစဉ် ရောက်ရှိခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ ၂၀၁၁ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း ပြည်ပခရီးစဉ် ပထမဆုံး သွားရောက်တာဖြစ်ပြီး တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်နေပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး အေးစက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက တင်းမာမှုတွေ ဖြေလျှော့နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ အစပြုနေပြီဖြစ်လို့ ကိုရီးယားကျွန်းဆွယ်အခြေအနေ ပိုကာင်းဖို့ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်ကြတဲ့ မြောက်ကိုရီးယား သမ္မတဟောင်း ကင်အီဆွန်း၊ အလုပ်သမားပါတီ အတွင်းရေးမှူးချုပ်ဟောင်း ကင်ဂျုံအီတို့ရဲ့ ဆန္ဒအတိုင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းဖို့ ကတိပြုပါတယ်လို့ ကင်ဂျုံအန်က ပြောခဲ့ပါတယ်။
Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top