ဟာသအနေနဲ့ သူ့ရဲ့ဆယ်ဖီပုံတွေကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပြီးနောက် မီလျံနာဖြစ်လာခဲ့သူ

19-2-2022-yyl17.jpg

အင်ဒိုနီးရှားနိုင်ငံက ဆူတန် ဂူစတာဖ် အီ ဂိုဇလီ (Sultan Gustaf Ai Ghozali) ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ ဟာသအနေနဲ့ သူ့ရဲ့ဆယ်ဖီပုံရာပေါင်းများစွာကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု (NFTs) အဖြစ် ပြောင်းလဲလိုက်တာကနေ ငွေကြေးမြောက်မြားစွာ ဝင်ခဲ့တယ်လို့ သိရပါတယ်။ NFT ဆိုတာကတော့ အွန်လိုင်းပေါ်က ထူးခြားတဲ့ တွစ်တာပို့စ်တစ်ခု၊ ဖန်တီးထားတဲ့ဗီဒီယို (ဒါမှမဟုတ်) ဓာတ်ပုံအစရှိတဲ့ အရာတစ်ခုခုကို မူပိုင်ခွင့်ရတာ (ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု) မျိုးဖြစ်ပါတယ်။

ဆူတန်က (၅) နှစ်လောက် နေ့တိုင်းနီးပါး ဆယ်ဖီပုံတွေ ရိုက်ခဲ့တာပါ။ သူ ရိုက်ခဲ့တဲ့ ပုံတိုင်းဟာ ပုံစံအတူတူပါပဲ။ ခံစားချက်မဲ့နေတဲ့ မျက်နှာထားနဲ့ ကင်မရာကို စိုက်ကြည့်ပြီး ရိုက်ခဲ့တဲ့ ဆယ်ဖီပုံတွေပါပဲ။ ဆူတန်က သူ့ရဲ့ဘွဲ့ယူအခမ်းအနားမှာ အသုံးပြုမယ့် time-laspe ဗီဒီယိုတစ်ခုဖန်တီးဖို့အတွက် အဲဒီလို ဆယ်ဖီပုံတွေ ရိုက်ဖို့ စိတ်ကူးမိခဲ့တာပါ။

ဒါပေမဲ့ ဆူတန်က သူ့ရဲ့ဆယ်ဖီပုံတွေကို ငွေရှာလို့ရတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာသိပ္ပံကျောင်းသားဖြစ်တဲ့ ဆူတန်က အစကတော့ စနောက်တဲ့သဘောနဲ့ သူ့ရဲ့ဆယ်ဖီပုံတွေကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပြီး ၃ ဒေါ်လာနဲ့ ဈေးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ဈေးနှုန်းက လျင်မြန်စွာ မြှင့်တက်ပြီး အခုဆိုရင် ဒေါ်လာ ၁၂၀၀၀ နဲ့ ရောင်းချနေရပါတယ်။

အခုလ အစောပိုင်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တွစ်တာမှာ တင်ရင်း ဆူတန်က “ဟာသအနေနဲ့ ကျွန်တော့်ရဲ့ပုံကို ဒစ်ဂျစ်တယ်မူပိုင်ခွင့်အဖြစ် တင်နေတာ။ ကျွန်တော့်ပုံ ဒစ်ဂျစ်တယ်မူပိုင်ခွင့်ကို လူတွေ တကယ်ပဲ ဝယ်ယူခဲ့တာကို မယုံကြည်နိုင်ဖြစ်ခဲ့တယ်။ တစ်နေ့တည်းနဲ့ ၃၅ ပုံ ရောင်းထွက်သွားခဲ့တယ်” လို့ ဆူတန်က ပြောပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာ သူ့ရဲ့ဆယ်ဖီပုံ ၂၀၀ ကျော် ရောင်းချခဲ့ရတယ်လို့လည်း သတင်းထွက်ရှိချက်အရ သိရပါတယ်။ သတင်းတွေအရတော့ ဆယ်လီစားဖိုမှူးတစ်ယောက်က သူ့ကိုယ်တိုင်အတွက် ပုံအနည်းငယ်ကို ရွေးချယ်ဝယ်ယူပြီးတဲ့နောက်မှာ ဓာတ်ပုံတွေမှာ စိတ်ဝင်စားမှုက ပိုကြီးထွားလာခဲ့တာပါ။

ဒီလိုစွန့်စားခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ဆူတန်က ဒါက အတော်လေး ရယ်စရာတစ်ခုဖြစ်ခဲ့တယ်လို့ မီဒီယာကို ပြောခဲ့ပါတယ်။ “စုဆောင်းသူတွေထဲက တစ်ယောက်က ကျွန်တော့်ရဲ့မျက်နှာကို စုဆောင်းလိုက်မယ်ဆိုရင် ရယ်စရာဖြစ်နိုင်တယ်လို့ စဉ်းစားနေခဲ့တာ။ ဆယ်ဖီပုံတွေကို လူတွေ ဝယ်ယူကြမယ်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် အဲဒါတွေကို ၃ ဒေါ်လာ နဲ့ပဲ ဈေးဖြတ်ခဲ့တယ်” လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်မူပိုင်ခွင့်အတွက် အွန်လိုင်းဈေးကွက်တစ်ခုဖြစ်တဲ့ OpenSea ကို ကြည့်မယ်ဆိုရင် ဆူတန်ရဲ့ပုံတွေက ဒေါ်လာ ၁၂၅၀၈ ဝန်းကျင်နဲ့ ရောင်းချနေရပါတယ်။ ဆူတန်ရဲ့ Ghozali Everyday အမည်ရတဲ့ ဓာတ်ပုံစုစည်းမှုတစ်ခုလုံးက ဒေါ်လာ ၁.၂ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။

အခုဆိုရင် ဆူတန်က သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို သူ့ရဲ့ကိုယ်ပိုင်အန်နီမေးရှင်းစတူဒီယိုတည်ထောင်ဖို့အတွက် သုံးသွားဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့မိဘတွေကတောင် သူ့ရဲ့ဆယ်ဖီပုံတွေကနေ ငွေ ဘယ်လောက်ရအောင် လုပ်နိုင်တယ်ဆိုတာ မသိဘူးလို့ ဆူတန်က ဖွင့်ဟဝန်ခံထားပါတယ်။ “အရိုးသားဆုံးပြောရရင် ကျွန်တော့်ရဲ့မိဘတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောပြရဲတဲ့သတ္တိမရှိသေးဘူး။ ပိုက်ဆံတွေ ဘယ်ကရလဲလို့ သူတို့တွေ သိချင်နေကြလိမ့်မယ်” လို့ ဆူတန်က ဆိုထားပါတယ်။

Ref: Ladbible “Student Accidentally ‘Becomes A Millionaire’ After Turning Selfies Into NFTs As A Joke”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top