တာလီဘန်ရဲ့တိုက်ခိုက်မှုမှာ အသက်မသေခဲ့တဲ့ ပါကစ္စတန်ကျောင်းသား အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ စကားလုအသင်း ဥက္ကဋ္ဌဖြစ်လာ

9-3-2022-yyl09.jpg

ပါကစ္စတန် တာလီဘန်တွေက စာသင်ကျောင်းကို တိုက်ခိုက်ချိန်မှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကျောင်းသားလေးဟာ အခုချိန်မှာတော့ အောက်စဖို့ဒ်သမဂ္ဂအဖွဲ့ရဲ့ စကားရည်လုအသင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါပြီ။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှာဝါမြို့မှာရှိတဲ့ စာသင်ကျောင်းကို တာလီဘန်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အာမတ်နာဝက်ဇ်ရဲ့အစ်ကိုနဲ့ တခြားကလေးငယ် ၁၃၀ သေဆုံးခဲ့ပါတယ်။ အာမတ်နာဝက်ဇ်က လက်မောင်းကို သေနတ်ထိမှန်ခဲ့ပေမဲ့ သေချင်ယောင်ဆောင်နေခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။

အာမတ်နာဝက်ဇ်ဟာ ဆေးရုံမှာ သီတင်းပတ်တော်တော်ကြာ တက်ခဲ့ရပြီး နောက်ဆုံးမှာတော့ အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ဖို့ ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့က အဲလိစဘတ်ဘုရင်မဆေးရုံကို ပို့ဆောင်ခဲ့တာပါ။ အာမတ်နာဝက်ဇ်ဟာ ၂၀၂၀ ပြည့်နှစ်မှာတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လေဒီမာဂရက်ခန်းမမှာ ဒဿနိကနဲ့ ဘာသာရေးပညာရပ် သင်ကြားခွင့် ရရှိခဲ့ပါတယ်။ ” အောက်စဖို့ဒ်တက္ကသိုလ်တက်ခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တင် မကဘူး၊ တိုက်ခိုက်မှု ကြုံခဲ့ရသူအားလုံးရဲ့ အောင်မြင်မှုပါပဲ” လို့ အာမတ်နာဝက်ဇ်က ဆိုပါတယ်။ ” ကိုယ့်ဘဝကို အဖတ်ဆည်ရမှာပါ။ ထူးထူးခြားခြားလုပ်ဖို့ ဆုံးဖြတ်ထားရင် တစ်ခုခုတော့ လုပ်ရမှာပေါ့” အာမတ်နာဝက်ဇ်က ပြောပါတယ်။

အာမတ်နာဝက်ဇ်ဟာ အားလပ်ချိန်တွေမှာ ပညာရေးနဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေ လုပ်လေ့ရှိပါတယ်။ တခြားကျောင်းတွေဆီသွားပြီး သူ ကြုံတွေ့ခဲ့တဲ့ အကြောင်းတွေ ပြန်ပြောပြတယ်၊ ကလေးငယ်တွေကို အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ အစွန်းမရောက်ရေး တိုက်တွန်းအားပေးမှုတွေ လုပ်နေပါတယ်။

Ref: BBC “Student shot by Taliban is Oxford debating club president”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply