ပြည်သူတွေရဲ့အကူအညီကြောင့် နာဆာမှာ အလုပ်သင်လုပ်နိုင်တော့မယ့် ကလေးအမေတစ်ဦး

india-jackson-nasa-intern-01-ht-jc-190516_hpMain_4x3_992.jpg

ကလေးအမေတစ်ဦးဖြစ်သူ အိန္ဒိယ ဂျက်ဆင် (India Jackson) ဟာ သူ့ရဲ့ ကုန်ကျစရိတ် အားလုံးကို ဝမ်းကွဲအစ်မနဲ့ ပြည်သူတွေက ကူညီပေးခဲ့တာကြောင့် နာဆာမှာ အလုပ်သင်ဝင်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဂျက်ဆင်ဟာ ရူပဗေဒ ပါရဂူဘွဲ့ကြို နဲ့ (၁၁) နှစ်အရွယ် ဂျူဝဲလ် (Jewel) ရဲ့မိခင် ဖြစ်တာကြောင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က နာဆာအာကာသစခန်းမှာ (၁၀) ပတ်ကြာ အလုပ်သင်လုပ်ဖို့ ငွေရေးကြေးရေးအခက်ခဲ ရှိခဲ့ပါတယ်။

မကြာသေးခင်က ဂျက်ဆင်ဟာ နာဆာအာကာသစခန်းမှာ အလုပ်သင်လုပ်ကိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ကုန်ကျစရိတ်ကို ကိုယ့်ဘာသာကိုယ်ပေးရမှာ ဖြစ်တာကြောင့် အခက်ခဲရှိလာခဲ့ပါတယ်။ ဒါကြောင့် မေလ (၇) ရက်မှာ ဝမ်းကွဲအစ်မဖြစ်သူ ဒါရှာဖူလာ (Dasha Fuller) က ဂျက်ဆက်အတွက် ရန်ပုံငွေ ရှာပေးခဲ့ပြီး လူ (၂၆၁) ဦးရဲ့ ပေးလှူမှုကြောင့် မှန်းထားငွေ ဒေါ်လာ (၈၀၀၀) ကိုမှ ဒေါ်လာ (၅၁၀) ကျော်လွန်တဲ့အထိ ရှာပေးခဲ့ပါတယ်။

ဒါကြောင့် ဂျက်ဆင် နဲ့ သူ့သမီး ဂျူဝဲလ်တို့က အခုလ မေလအကုန်မှာ နာဆာအာကာသစခန်းကို သွားရမှာဖြစ်ပြီး (၁၀) ပတ်အကြာနေထိုင်ပြီးမှ နေအိမ်ကို ပြန်သွားရမှာပါ။ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ နေထိုင်တဲ့ (၃၂) နှစ်အရွယ် ဂျက်ဆင်က ကောလိပ်တတ်တဲ့အချိန်မှာ ကလေးရခဲ့ပြီး နောက်ပိုင်းမှာ ကျောင်းသူတစ်ဦးအနေနဲ့ရော အလုပ်လုပ်နေရတဲ့ ကလေးအမေတစ်ဦးအနေနဲ့ပါ ပင်ပန်းစွာ ရုန်းကန်ခဲ့ရရှာပါတယ်။

အခုအချိန်မှာတော့ ဂျက်ဆင်က ဂျော်ဂျီယာပြည်နယ်တက္ကသိုလ် (Georgia State University) မှာ ဒေါက်တာပါရဂူဘွဲ့အတန်းကို တတ်ရောက်နေပါတယ်။ သူက ယောက်ျားမရှိဘဲ ကလေးကို တစ်ယောက်တည်း ထိန်းကျောင်းခဲ့ရင်း ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမယ့်လည်း ဖြစ်ချင်တာကို လက်မလျှော့ခဲ့တာကြောင့် အကူအညီရခဲ့ပါတယ်။ တခါတလေ ဘဝမှာ ခက်ခဲပင်ပန်းစွာရုန်းကန်ရပေမယ့်လည်း အရှုံးမပေးတဲ့အခါမှာ ထွက်ပေါက်လမ်းကြောင်း အမြဲတမ်းရှိနေပါတယ်။

Ref: ABC News “Single mom lands NASA internship, and strangers raise $8K to cover the costs”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top