အသားရေကို ပျက်စီးစေနိုင်တဲ့ မနက်ခင်းအလေ့အထတွေက ဘာတွေဖြစ်မလဲ

25-11-2021yyl4.jpg

ပုံမှန်အသားရေထိန်းသိမ်းတဲ့အလေ့အထက သင့်အသားရေလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး အံဝင်ခွင်ကျဖြစ်နိုင်ပေမဲ့ သင် သတိမထားမိဘဲ လုပ်လိုက်မိတဲ့ အမှားတချို့က သင့်အသားရေကို ပျက်စီးမိသလိုဖြစ်စေပါတယ်။ နေ့တိုင်း အစားအစာတမျိုးတည်းကိုပဲ မနက်စာအဖြစ် စားတာကစလို့ အပြင်ရောက်တဲ့အခါမှသာ နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်လိမ်းတာတွေအထိပါပဲ။ သတိမထားမိပဲ လုပ်လိုက်မိတဲ့ မနက်ခင်းအလေ့အထတချို့က ဝက်ခြံပေါက်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဘယ်လိုအလေ့အထမျိုးတွေက သင့်ရဲ့အသားရေကို ပျက်စီးစေနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်…။

မနက်စာ အတွက် အုတ်ဂျုံမှုန့် နေ့တိုင်းစားတာ

တချို့လူတွေက မနက်စာအဖြစ် အုတ်ဂျုံမှုန့်ကို စားတတ်ကြပါတယ်။ အုတ်ဂျုံမှုန့်တစ်ပန်းကန်စာတာက ကျန်းမာရေးနဲ့ညီညွှတ်ပေမဲ့ နေ့တိုင်း စားရင်တော့ သင့်ခန္ဓာကိုယ်နဲ့ အသားရေကို မရည်ရွယ်ဘဲ ထိခိုက်စေနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ကို မကြာခဏစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့အခြားအရေးပါတဲ့အာဟာရဓာတ်တွေကို ဆုံးရှုံံးစေပြီး အာဟာရချို့တဲ့တာနဲ့ အသားရေခြောက်သွေ့၊ မညီညာတာတွေဖြစ်လာနိုင်ပါတယ်။

မနက်ခင်း အချိန်အကြာကြီး ရေနွေးပူနဲ့ ရေချိုးတာ

မနက်ခင်း အိပ်ရာထတာနဲ့ ရေချိုးလိုက်တာနဲ့ လူက လန်းလန်းဆန်းဆန်းဖြစ်သွားတာပါပဲ။ ချမ်းအေးလှတဲ့ရာသီမှာဆိုရင်တော့ ရေအေးကို ရေနွေးပူနဲ့ စပ်ပြီး ရေချိုးရပါတယ်။ မနက်ခင်းပိုင်း ရေပူနဲ့ ရေချိုးမယ်ဆိုရင် အချိန်အကြာကြီး မချိုးပါနဲ့။ အချိန်အကြာကြီး ရေချိုးတဲ့ အလေ့အထက သင့်အသားရေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေပူက အစိုဓာတ်လိုအပ်တဲ့ အသာရေရဲ့အကာအကွယ်အလွှာကို ထိခိုက်စေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ မနက်ခင်းမှာ အချိန်ကုန်သက်သာစေဖို့အတွက် ရေပူနဲ့ ရေချိုးရင်း မျက်နှာသစ်တာက ရေပူကြောင့် မျက်နှာမှာရှိတဲ့ သွေးကြောမျှင်တွေကို ထိခိုက်စေနိုင်ပါတယ်။

မနက်ခင်းမှာ ကော်ဖီ အရင်ဆုံးသောက်တာ

လူတော်တော်များများက ကော်ဖီပူပူတစ်ခွက်သောက်ရင်းနဲ့ မနက်ခင်းကို စတင်လိုက်ရမှ ကျေနပ်ကြတာပါ။ အရသာရှိတဲ့ ကော်ဖီပူတစ်ခွက် သင့်အသားရေကို အကျိုးကျေးဇူးပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ မနက်စာမစားခင် နေ့တိုင်း ကော်ဖီသောက်မယ်ဆိုရင် သင့်အသားရေကို အကျိုးကျေးဇူးပေးတာထက် ဆိုးကျိုးတွေပဲဖြစ်စေပါလိမ့်မယ်။ ကော်ဖီက နည်းနည်းတော့ ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။ သင့်အသားရေကနေ တဆင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ထွက်လာဖို့ ပိုခက်ခဲစေပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပိုဖြစ်လာစေနိုင်ပါတယ်။

အပြင်ထွက်တဲ့အခါ နေပူလာတဲ့အချိန်မှ နေလောင်ဒဏ်လိမ်းခရင်မ်လိမ်းတာ

နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်က အပြင်ထွက်တဲ့အခါ သင့်အသားရေကို နေရောင်ခြည်ဒဏ်မခံရအောင် ကာကွယ်ပေးပါတယ်။ နေပူထဲထွက်မှ နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်ကို လိမ်းရတာမဟုတ်ပါဘူး။ အိမ်ထဲနေရင်တောင် အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ဖို့အတွက် လိမ်းပေးသင့်ပါတယ်။ ကား၊ အိမ် နဲ့ ရုံးမှာ အသုံးပြုတဲ့ ပြတင်းပေါက်မှန်တွေက သင့်အသားရေကို ထိခိုက်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် ရုံးထဲမှာ အပြင်မထွက်ဘဲ အလုပ်လုပ်နေရင်တောင် သင့်အသားရေကို မပျက်စီးစေဖို့ နေလောင်ဒဏ်လိမ်းခရင်မ်ကို လိမ်းထားတာအကောင်းဆုံးပါပဲ။

မကောင်းတဲ့မျက်နှာသစ်ဆေး အသုံးပြုမိတာ

အိပ်ရာထတဲ့အခါ သင့်မျက်နှာမှာ အဆီပြန်နေသလိုဖြစ်တာကို သင် သတိထားမိမယ်ဆိုရင် အဲဒီအတွက် သိပ္ပံနည်းကျ ရှင်းပြချက်တစ်ခုရှိပါတယ်။ သင့်ခန္ဓာကိုယ်က ညအချိန်မှာ ရေဓာတ်ဆုံးရှုံးပြီး ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အဆီဂလင်းတွေကို ပိုပြီး ထုတ်လွှတ်ရတဲ့အတွက် မနက်ခင်းကို အဆီပြန်တဲ့မျက်နှာနဲ့ နိုးထလာရတာပါ။ ဒါပေမဲ့ အဆီပြန်တာကို သီးမခံနိုင်လို့ မျက်နှာတင်းတင်းလေးဖြစ်ချင်ရင်တောင် ဖော်မြူလာပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးပါနဲ့။ နူးညံ့တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်တာအကောင်းဆုံးပါပဲ။ မျက်နှာသစ်ပြီးသွားရင်တော့ အစိုဓာတ်ထိန်းပေးတဲ့ Moisturizer ကိုလည်း လိမ်းပေးဖို့ မမေ့ပါနဲ့။

Ref: Morning Habits That Can Damage Your Skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top