အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ မဟာတွင်းနက်ကိုအသုံးပြုပြီးစမ်းသပ်မှုအား ကျော်ဖြတ်နိုင်ခဲ့ပါတယ်

fig1.jpg

အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ ကျွန်တော်တို့စကြဝဠာကြီးအတွင်းက ကြီးမားသောအရာများကို အကောင်းဆုံးရှင်းပြနိုင်တဲ့ ရူပဗေဒသီအိုရီတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း ကန့်သတ်ချက်အချို့ရှိပြီး သိပ္ပံပညာရှင်များဟာ နှစ်ပေါင်း (၁၀၀) တိုင်အောင် ပြန်လည်ဆန်းစစ်ခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်နေကြပါတယ်။ အခုနောက်ဆုံးပြုလုပ်လိုက်တဲ့စမ်းသပ်မှုကတော့ ကျွန်တော်တို့နဂါးငွေ့တန်းဂလက်ဆီရဲ့ ဗဟိုမှာရှိတဲ့ မဟာတွင်းနက်ကြီး (supermassive black hole) Sagittarius A* ကို လှည့်ပတ်နေတဲ့ ကြယ်တစ်လုံးကိုအသုံးပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီ S0-2 လို့အမည်ရတဲ့ကြယ်ဟာ Sagittarius A* ကို (၁၆) နှစ်ကြာတိုင်း တစ်ပတ်ပြည့်အောင်လှည့်ပတ်နေပြီး တစ်ခါတစ်ရံမှာ အနီးဆုံးအနေနဲ့ အဆိုပါမဟာတွင်းနက်ကြီးဆီကနေ မိုင်ပေါင်း (၁၁) ဘီလီယံအထိ နီးကပ်သွားလေ့ရှိတယ်လို့သိရပါတယ်။ သူလှည့်ပတ်နေတဲ့လမ်းကြောင်းကတည်ငြိမ်ပေမဲ့ သိပ်သည်းတဲ့ ဆွဲငင်အားစက်ကွင်းဟာ gravitational redshift များကို ဖြစ်ပေါ်စေပါတယ်။ ဒီကြီးမားတဲ့ ဆွဲငင်အားစက်ကွင်းကြီးကို ဒီကြယ်ရဲ့ဖိုတွန်များက ရုန်းထွက်ဖို့ကြိုးပမ်းနေရတဲ့အတွက် သူ့ရဲ့ အလင်းရောင်ဟာလဲ အနီရောင်သန်းနေခြင်းဖြစ်ပါတယ်။

S0-2 ဟာ နောက်ဆုံးအကြိမ်အဖြစ် Sagittarius A* နဲ့ အနီးဆုံးအခြေအနေကို ၂၀၁၈ ခုနှစ်အတွင်းကရောက်ခဲ့ပြီး သုတေသီများဟာ အဆိုပါကြယ်ရဲ့ redshift အခြေအနေနဲ့ပတ်သတ်တဲ့စာတမ်းတစ်ခုကို မနှစ်က ရေးသားခဲ့ကြပါတယ်။ အခုစာတမ်းအသစ်ကိုတော့ Science ဂျာနယ်မှာထုတ်ပြန်ခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်အတွင်းက observation များကြောင့်ရရှိတဲ့အချက်အလက်များနဲ့ ပေါင်းစည်းရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ဒီကရလဒ်ဟာ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီနဲ့ကိုက်ညီခဲ့ပြီး နယူတန်ရဲ့ဆွဲငင်အားနိယာမအချို့နဲ့တော့ ကိုက်ညီမှုမရှိခဲ့ဘူးလို့သိရပါတယ်။

အခုလက်ရှိအချိန်အထိတော့ အိုင်းစတိုင်းဟာမှန်နေဆဲပဲဖြစ်တယ်လို့ ဒီစာတမ်းကိုပူးတွဲရေးသားခဲ့သူ ပရော်ဖက်ဆာ Andrea Ghez က ကြေညာချက်အတွင်းမှာရေးသားထားပါတယ်။ ဒါပေမဲ့ အိုင်းစတိုင်းရဲ့ သီအိုရီဟာ ဟာကွက်အချို့ရှိနေတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ဥပမာအားဖြင့် တွင်းနက်တစ်လုံးအတွင်းက ဆွဲငင်အားအခြေအနေများကိုရှင်းမပြနိုင်တဲ့အတွက် တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ အိုင်းစတိုင်းရဲ့ သီအိုရီထက် ပိုမိုစဉ်းစားဖို့လိုပြီး တွင်းနက်ရဲ့ဆွဲငင်အားကိုရှင်းပြနိုင်မယ့် ဆွဲငင်အားသီအိုရီတစ်မျိုးကိုတော့ လိုအပ်နေဆဲဖြစ်ပါတယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

အခုလို ကြယ်တစ်လုံးကို အတော်ကြာအောင်စောင့်ကြည့်ခြင်းဟာ တွင်းနက်ဘေးမှာ ဆွဲငင်အားများ ဘယ်လိုပြုမူသလဲဆိုတာကို အရေးကြီးတဲ့အချက်အလက်များပေးခဲ့တဲ့အတွက် ဒါဟာ သိပ္ပံပညာရှင်များအတွက် အဖိုးတန်တဲ့အသိပညာတစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မေလအတွင်းက Sagittarius A* နဲ့ အလွန်နီးကပ်ခဲ့စဉ်မှာ Ghez နဲ့ အဖွဲ့ဟာ ဒီကြယ်နဲ့ပတ်သက်ပြီး တိုင်းတာမှုများကို (၄) ည တစ်ခါ ပြုလုပ်ခဲ့ကြပါတယ်။

ဒီ S0-2 နဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်ကတော့ သူ့ရဲ့ပတ်လမ်းအပြည့်အစုံကို (၃) ဘက်မြင်အတိုင်း ကျွန်တော်တို့သိရှိနေခြင်းပဲဖြစ်တယ်လို့ Ghez က ပြောကြားခဲ့ပါတယ်။ ဒါဟာ ယေဘုယျနှိုင်းရသီအိုရီကို စမ်းသပ်ဖို့အတွက် လမ်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။

S0-2 ဟာ Sagittarius A* ကိုလှည့်ပတ်နေတဲ့ တစ်လုံးတည်းသောကြယ်မဟုတ်သလို အနီးဆုံးကြယ်လည်း မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်အတွင်းက Ghez နဲ့ သူ့ရဲ့ လေ့လာရေးအဖွဲ့ဟာ မဟာတွင်းနက်ကြီးကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ (၁၁.၅) နှစ်သာကြာမြင့်တဲ့ကြယ်တစ်လုံးကို ထောက်လှမ်းနိုင်ခဲ့ကြပါတယ်။ သူဟာ လက်ရှိမှာ အလင်းအလျင်ရဲ့ ၁% ခန့်နဲ့ သွားလာနေတာဖြစ်ပြီး နောက်နှစ်ထဲမှာ Sagittarius A* နဲ့ အနီးဆုံးအခြေအနေကို ရောက်ရှိမှာဖြစ်တယ်လို့လည်း သိထားရပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top