စင်္ကာပူသိပ္ပံပညာရှင်များ ဒူးရင်းသီးရဲ့ အနံ့စူးရခြင်း အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့

98245151_durioteamphoto.jpg

စင်္ကာပူနိုင်ငံမှ သိပ္ပံပညာရှင်များဟာ ဒူးရင်းသီးရဲ့ စူးရှလှတဲ့ အနံ့ထွက် မျိုးရိုးဗီဇကို တွေ့ရှိခဲ့ပါတယ်။ ဒီရှာတွေ့မှုကြောင့် နောက်ပိုင်းမှာ အနံ့ကင်းမဲ့ပြီး အရသာပိုရှိတဲ့အသီးများကို ဖန်တီးလာနိုင်လိမ့်မယ်လို့ လေ့လာသူများက ဆိုပါတယ်။

ဒီလေ့လာချက်ကို ၃ နှစ်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမည်အဖော်လိုသူ ဒူးရင်းသီး ကြိုက်နှစ်သက်သူများအဖွဲ့မှ ငွေကြေးထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို Nature Genetics ဂျာနယ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပြီး “ဒူးရင်းသီးတွေမှာပါဝင်တဲ့ အငွေ့ပျံနိုင်တဲ့ ဆာလဖာကြောင့် ဒူးရင်းသီးအနံ့ဟာ ဒီလောက်စူးရှနေတာပါ ”လို့ မျိုးရိုးဗီဇပညာရှင် ပက်ထရစ်တန်  (Patrick Tan) ကဆိုပါတယ်။

ဒါ့အပြင် ဒူးရင်းသီးရဲ့ ထူးခြားတဲ့အနံ့ဟာ တိရစ္ဆာန်များကို စားချင်စိတ်ပေါ်လာအောင် ဆွဲဆောင်နိုင်ပြီး အစေ့များကိုပျံ့နှံ့စေတဲ့အတွက် မျိုးပွားဖို့ အကူအညီဖြစ်စေတယ် လို့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။ လေ့လာချက်အရ ဒူးရင်းသီးမျိုးနွယ်ဟာ လွန်ခဲ့တဲ့ နှစ် ၆၅ သန်းခန့်က ချောကလတ် ထွက်ရှိတဲ့ cacao ပင်မှ ဆင်းသက်လာတယ်  လို့သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံများမှာ ပေါက်လေ့ရှိတဲ့ ဒူးရင်းသီးရဲ့အရသာဟာ တစ်ခါစားဖူးရုံနဲ့ ကြိုက်နှစ်သက်ဖို့ မလွယ်ကူတဲ့ အရသာဖြစ်ပြီး  ဒူးရင်းသီးကို ကြိုက်နှစ်သက်သူရော၊ အနံ့တောင် မခံနိုင်သူရော အသီးအသီးရှိကြပါတယ်။ စင်္ကာပူနိုင်ငံမှာဆိုရင် လူထုစုဝေးရာနေရာတွေမှာ ဒူးရင်းသီးစားသုံးခြင်းကို တားမြစ်ထားပြီး အများပြည်သူ ပို့ဆောင်ရေးယာဉ်တွေမှာလည်း ဒူးရင်းသီး တင်ဆောင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ဒီလို ဒူးရင်းသီးရဲ့ စူးရှတဲ့အနံ့ကိုက  ဒူးရင်းသီးချစ်သူတွေအတွက် ပိုပြီးစားချင်စရာအသီးတစ်လုံးတောင် ဖြစ်စေပါသေးတယ်။

Ref : Economic News : Singapore scientists reveal origins of durian’s pungent aroma

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply