ONE Championship ကြိုးဝိုင်းထဲမှ အကောင်းဆုံးမြန်မာ့လက်ဝှေ့ကျော် (၅) ဦး

Phoe-Thaw-ADUX3278-1200x800.jpg

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲကြီးများကိုကျင်းပနေသည့် ONE Championship သည် မွေထိုင်း၊ ဆီလတ်၊ ကွန်ဖူး၊ ဂျူဒို စသည့် နိုင်ငံအလိုက် ရိုးရာအားကစားသမားများကို ကြိုးဝိုင်းတွင်းသို့ ခေါ်ဆောင်ခဲ့သလို မြန်မာ့ရိုးရာကိုယ်ခံပညာအားကစားဖြစ်သည့် လက်ဝှေ့အားကစားသမား အများအပြားကိုလည်း ONE Championship ကြိုးဝိုင်းအတွင်း ခေါ်ဆောင်ပေးခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားများသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနှင့် မရင်းနှီးသော်လည်း ရိုးရာလက်ဝှေ့အခြေခံဖြင့် ကြိုးဝိုင်းအတွင်း အစွမ်းပြခဲ့ကြသည်။ ထိုသို့ အစွမ်းပြခဲ့ကြသည့်ကစားသမားများထဲမှ အကောင်းဆုံး (၅) ဦးကို ရွေးချယ်တင်ပြလိုက်ပါသည်။

သပြေညို

ရိုးရာလက်ဝှေ့သမားများ ထဲတွင် ONE Championship ကြိုးဝိုင်းအတွင်း ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားတစ်ဦးသာရှိသည်။ အဆိုပါကစားသမားမှာ ဘိလပ်မြေစက်ရုံလက်ဝှေ့ကလပ်မှ ရွှေခါးပတ်ချန်ပီယံကစားသမား သပြေညို ဖြစ်သည်။ သပြေညိုသည် ONE Championship ပြိုင်ပွဲတွင် စုစုပေါင်း ပွဲစဉ် (၄) ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ လေးပွဲစလုံး ပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့သူ ဖြစ်သည်။ ထို့ပြင် ၂ဝ၁၅ ဇူလိုင်လက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ONE: Kingdom of Warriors ပြိုင်ပွဲ၏ မြန်မာဖယ်သာဝိတ်တန်းတံခွန်စိုက်ပွဲစဉ်တွင် နှစ်ပွဲစလုံးအနိုင်ရသဖြင့် ချန်ပီယံတံခွန်စိုက်ဆုကို ရရှိခဲ့သည်။ ၂ဝ၁၇ ဇွန်လက ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင်လည်း ပြိုင်ဘက်ကို ပွဲချိန် (၁၆) စက္ကန့်ဖြင့် အလဲထိုးအနိုင်ရခဲ့သဖြင့် မြန်မာကစားသမားများထဲတွင် စံချိန်တင်ထားနိုင်ခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးရှိ ကျေးရွာလေးတစ်ရွာမှ ပေါ်ထွက်လာခဲ့သည့် လက်ဝှေ့သမား သပြေညိုသည် အသက် (၁၆) နှစ် အရွယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် လက်ဝှေ့ပညာကိုဆည်းပူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ လက်ဝှေ့ကိုအရူးအမူးစွဲလမ်းကာ တစ်နေ့လျှင် ခြောက်နာရီနှုန်း ပုံမှန်လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် ဆယ်နှစ်တာကာလအတွင်း ရွှေခါးပတ်နှင့်အလံလုပွဲအများအပြားတွင်အနိုင်ရရှိခဲ့ပြီး ပွဲပေါင်း (၅ဝ) ကျော်ထိုးသတ်ရာတွင် ပွဲတိုင်းနီးပါး ပြိုင်ဘက်များကို အလဲထိုးအနိုင်ရခဲ့သူ ဖြစ်သည်။ သပြေညိုသည် ONE Championship တွင် လှစ်လှစ်လေး၊ မျိုးမာန်သစ်၊ အောင်ဦးထက် တို့ကို ပထမအချီတွင်ပင် အလဲထိုး အနိုင်ရခဲ့ပြီး ကြယ်စင်ဖြိုးကို တတိယအချီတွင်အလဲထိုးခဲ့ကာ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။

ရဲသွေးနီ

သပြေညိုကဲ့သို့ ပွဲတိုင်းရာနှုန်းပြည့်အနိုင်မရထားသော်လည်း နောက်ဆုံး (၄) ပွဲဆက်တိုက် အနိုင်ရထားသည့် နောက်ထပ် မြန်မာ့လက်ဝှေ့ကျော်တစ်ဦးမှာ ရဲသွေးနီ ဖြစ်သည်။ အသက် (၂၂) နှစ်သာရှိသေးသော လူငယ် ကစားသမား ရဲသွေးနီသည် သူ၏ ပထမဆုံး ONE ပွဲဦးထွက်ပွဲစဉ်တွင် ထိုင်းနိုင်ငံသား
Pongsiri Mitsatit ကို ရှုံးနိမ့်ခဲ့သည်မှလွဲ၍ ကျန်ပွဲစဉ်များအားလုံးတွင် ဆက်တိုက်အနိုင်ရခဲ့သည်။ ရဲသွေးနီသည် ပတ်ကျော်လင်းနိုင်ကို ဒိုင်အဆုံးအဖြတ်ရမှတ်ဖြင့်အနိုင်ရခဲ့ပြီး စောမင်းမင်းကို အလဲထိုးတစ်ကြိမ်၊ ဒိုင်အဆုံးအဖြတ် ရမှတ်ဖြင့်တစ်ကြိမ် အနိုင်ရခဲ့သည်။ နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် သူ့ထက် ဝါသဘာပိုများသော မိုက်ရိုင်းကို သုံးချီလုံးလုံး အကြိတ်အနယ်ထိုးသတ်ကာ ရမှတ်ဖြင့်အနိုင်ရထားသည်။

မွန်ပြည်နယ်၊ မုဒုံမြို့မှ ထွက်ပေါ်လာသော လက်ဝှေ့သမား ရဲသွေးနီသည် ကရင်ပြည်နယ်အခြေစိုက် တောင်ကလေးကလပ်သို့မရောက်မီ မုဒုံသားကလပ်တွင် ခြောက်လခန့် လေ့ကျင့်သင်ကြားခဲ့သည်။ ထိုမှတဆင့် တောင်ကလေးကလပ်သို့ ပြောင်းရွှေ့လာကာ ငယ်ငယ်ရွယ်ရွယ်နှင့် လက်စွမ်းပြပြီး ရွှေခါးပတ်ချန်ပီယံနှစ်ကြိမ် ဖြစ်ထားသူဖြစ်သည်။ လူကောင်ခပ်သေးသေးနှင့် အရပ်အမောင်း ခြေဆံလက်ဆံ ရှည်လျားခြင်းမရှိသော်လည်း သူ့ထက် လူကောင်၊ အရပ်အမောင်းသာသူများကို အလဲထိုးအနိုင်ယူပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အလဲထိုးဘုရင်ဟု နာမည်ရလာသည့် လက်ဝှေ့သမားလေးလည်း ဖြစ်သည်။

စောမင်းမင်း

ရဲသွေးနီကို နှစ်ကြိမ်ယှဉ်ပြိုင်ရာတွင် နှစ်ကြိမ်စလုံး ရှုံးနိမ့်ထားသည့် စောမင်းမင်းမှာလည်း ရိုးရာလက်ဝှေ့တွင် ရှုံးပွဲမရှိသေးသည့် လူငယ်ကစားသမားတစ်ဦးဖြစ်သည်။ အသက် (၂ဝ) သာ ရှိသေးသူ စောမင်းမင်းသည် ၂ဝ၁၇ ဇွန်လက မြန်မာနိုင်ငံတွင် ကျင်းပသော ONE: Light of a Nation ပြိုင်ပွဲ၏ မြန်မာဖလိုင်းဝိတ်တန်းတံခွန်စိုက် ပွဲစဉ်တွင် ကျားဘဟိန်းနှင့် ရွှေကျောင်းသားတို့ကို ဆက်တိုက်အနိုင်ရခဲ့ သဖြင့် ဖလိုင်းဝိတ်တန်းတံခွန်စိုက် ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ စောမင်းမင်းသည် ၎င်းတို့နှစ်ဦးစလုံးကို ပထမအချီတွင်ပင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ စောမင်းမင်းသည် ကျားဘဟိန်းကို အလဲထိုးအနိုင်ရခဲ့ခြင်းဖြစ်သော်လည်း ရွှေကျောင်းသားကို ကိုယ်ခံပညာသိုင်းပေါင်းစုံနည်းစနစ်တစ်ခုဖြစ်သည့် လည်ပင်းသိုင်းချုပ်သည့်နည်းဖြင့် အနိုင်ရခဲ့ခြင်းက ထူးခြားမှု တစ်ခုဖြစ်သည်။

လက်ဝှေ့သမားမျိုးရိုးမှ ဆင်းသက်လာသူ စောမင်းမင်းသည် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ လက်ဝှေ့ သမားကောင်းများပေါ်ထွက်လေ့ရှိသော ထိန်ပင်ကျေးရွာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ငယ်စဉ်ကတည်းက လက်ဝှေ့ကိုဝါသနာထုံပြီး ရွာဘုရားပွဲများတွင် လိုက်လံထိုးသတ်ရာမှ နောက်ဆုံးတွင် လက်ဝှေ့ လောကထဲ ခြေစုံပစ်ဝင်ပြီး ရွှေသထုံကလပ်တွင် ပါဝင်ကစားနေသူဖြစ်သည်။ အသက်ငယ်ရွယ်ပြီး အလားအလာကောင်း များစွာပိုင်ဆိုင်ထားသူ စောမင်းမင်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံနည်းစနစ်များကို အခြားရိုးရာလက်ဝှေ့သမားများထက် မြန်မြန်ဆန်ဆန် ရင်းနှီးကျွမ်းဝင်ခဲ့သူဟုပင် ဆိုနိုင်သည်။

သွေးသစ်အောင်

သပြေညိုနှင့် စောမင်းမင်းတို့ကဲ့သို့ ONE ၏ မြန်မာတံခွန်စိုက်ပြိုင်ပွဲများတွင်အနိုင်ရပြီး တံခွန်စိုက်ဖလား ရရှိဖူးသည့် နောက်ထပ်ကစားသမားတစ်ဦးမှာ သွေးသစ်အောင် ဖြစ်သည်။ ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ သွေးသစ်အောင်သည် ၂ဝ၁၅ ဇူလိုင်က မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ONE: Kingdom of Warriors ပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက်အနိုင်ရကာ လိုက်ဝိတ်တန်းတံခွန်စိုက်ဖလားကိုရရှိခဲ့သည်။ သူသည် အဆိုပါပြိုင်ပွဲတွင် စောသဲဦးနှင့် စောဘဦးကို ပထမအချီတွင်ပင် အလဲထိုးအနိုင်ယူကာ ဖလားသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါပြိုင်ပွဲအပြီး (၉) လအကြာ မြန်မာနိုင်ငံတွင် ထပ်မံကျင်းပပြုလုပ်သော ONE: Union of Warriors ပြိုင်ပွဲတွင် ကြယ်လင်းအောင်ကို သုံးချီသုံးလား အကြိတ်အနယ်ထိုးသတ်ခဲ့ပြီးနောက် အရှုံးအနိုင်မပေါ်သဖြင့် ဒိုင်အဆုံးအဖြတ်ခံယူခဲ့ရရာ ဒိုင်သုံးဦးစလုံး၏ တညီတညွတ်တည်းဆုံးဖြတ်ချက်အရ ရမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

စောဘဦး

ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထဲတွင် အသည်းမာမာ၊ ဇွဲကောင်းကောင်းဖြင့် ပြိုင်ဘက်တိုင်းကို မကြောက်မရွံ့ တိုက်ခိုက်တတ်သူ စောဘဦးသည်လည်း ONE ၏ကြိုးဝိုင်းထဲတွင် ကျားရဲတစ်ကောင်အလား အစွမ်းပြခဲ့သူ ဖြစ်သည်။ သူသည် ၂ဝ၁၅ ဇူလိုင်က ပထမဆုံး ONE ပွဲဦးထွက်အဖြစ် ONE: Kingdom of Warriors ပြိုင်ပွဲ၏ မြန်မာဖယ်သာဝိတ်တန်းတံခွန်စိုက်ပွဲစဉ်တွင် ဒေါနအောင်နှင့် ရင်ဆိုင်ခဲ့ရာ ပထမအချီတွင်ပင် အလဲထိုးအနိုင်ရ ခဲ့သည်။ သို့သော် ဒုတိယပွဲစဉ်တွင် သွေးသစ်အောင်ကိုရှုံးနိမ့်ခဲ့သောကြောင့် တံခွန်စိုက်ဖလားကို လက်လွှတ်ခဲ့ ရသည်။ ယင်းပြိုင်ပွဲအပြီး တစ်နှစ်ကျော်အကြာ ONE: State of Warriors ပြိုင်ပွဲတွင် ကြယ်စင်ဖြိုးနှင့်ရင်ဆိုင်ခဲ့ရာ ဒုတိယအချီတွင် ဆရာဝန်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရပြန်သည်။ သို့သော် နောက်တစ်နှစ်နီးပါးအကြာ
ONE: Hero’s Dream ပြိုင်ပွဲတွင်မူ ရိုးရာလက်ဝှေ့သမားမဟုတ်သော ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဖိုးသော်ကို ဒိုင်အဆုံးအဖြတ်ရမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top