အကြားအာရုံချို့တဲ့သည့် ကလေးငယ် (၈) ဦးမှ သက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ပုံရိပ်အား စမတ်ဖုန်းများဖြင့်ရိုက်ကူး

GroupPhoto2.jpg

Silent Yangon Project ၏ နောက်ဆုံး ထုတ်ကုန်ဖြစ်သော Silent Yangon ပုံနှိပ်စာအုပ်အား ယနေ့တွင် ပြည်သူများနှင့် သတင်းမီဒီယာများထံသို့ Sule Shangri-La ရန်ကုန်၌ မိတ်ဆက်ခဲ့သည်။ အဆိုပါ ပရောဂျက်သည် အသက် (၁၂) နှစ်မှ (၁၅) နှစ်အရွယ်ရှိ ယောကျာ်းလေး (၄) ယောက်နှင့် မိန်းကလေး (၄) ယောက်တို့၏ ကိုယ်ပိုင်အရည်အချင်း၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များအား သက်သေပြနိုင်သောအခွင့်အရေးနှင့် စိန်ခေါ်မှုများအပေါ်တက်ကြွစွာလက်ခံခြင်း၊ နည်းပညာများနှင့် ဓာတ်ပုံပညာတွင်ရင်းနှီးမှုရှိခြင်းများအား ထုတ်ပြနိုင်ရန်ရည်ရွယ်သည်။ ဤသို့ဖြင့် ကလေးငယ်များသည် ၎င်းတို့၏ စိတ်ကြံ့ခိုင်မှုများ၊ ဖန်တီးနိုင်စွမ်းများနှင့် အကြားအာရုံချို့တဲ့ခြင်းသည် လှပသောအနုပညာ၏ အတားအဆီးတစ်ခု မဟုတ်ကြောင်း သက်သေပြ နိုင်ခြင်းများအား ပြသကာ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အနုပညာမြောက်သည့် စွန့်စားခန်း၏ ဇာတ်ဆောင်များဖြစ်လာကြသည်။

Samsung Myanmar ၏ Public Relations and Citizenship Manager ဖြစ်သူ ကိုစိုးသူရမှလည်း လူငယ် ဓာတ်ပုံဝါသနာရှင်များအပေါ် “ကျွန်တော်တို့အနေနဲ့ ကလေးတွေရဲ့ အောင်မြင်မှုနဲ့ ဒီအောင်မြင်မှုအပေါ် ပံ့ပိုးပေးရတဲ့အပေါ် အရမ်းကို ဂုဏ်ယူရပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ရဲ့ စမတ်ဖုန်းနည်းပညာတွေ ကတစ်ဆင့် သိမြင်ကြားနာခွင့်ရနိုင်တဲ့ ဒီအဓိပ္ပါယ်ရှိတဲ့ ပရောဂျက်ရဲ့ ကဏ္ဍတစ်ခု ဖြစ်ခွင့်ရတဲ့အတွင်လည်း အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။ Samsung အနေနဲ့ လူအများ မဖြစ်လာနိုင်ဘူးလို့ ထင်မြင်ယူဆထားတဲ့ ကောင်းမွန်တဲ့အရာတွေ အများအပြားကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှု ဟာလည်း ဥပမာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

Mary Chapman ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း

အကြားအာရုံချို့တဲ့သော ကလေးငယ်များအတွက် Mary Chapman ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ညွန့်ညွန့်သိန်းမှ Link for Aid နှင့် ယခုပရောဂျက်၏ အောင်မြင်မှုအပေါ် ပူးပေါင်းဆောင်ရွက်ကြသူများအားလုံးအား“ကျွန်မတို့အနေနဲ့ Silent Yangon ပရောဂျက်မှာ ပါဝင်အားဖြည့် ထောက်ပံ့ပေးတဲ့သူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒါဟာ workshop တွေမှာပါဝင်ပြီး လက်တွေ့ဓာတ်ပုံသင်တန်းကို ပါဝင်တက်ရောက်ခွင့်ရကြတဲ့ ကလေးငယ်တွေ အတွက် အင်မတန်အဓိပ္ပါယ်ရှိပါတယ်။ ဒီပရောဂျက်လေးဟာ သူတို့ကိုယ်သူတို့ မြင်တဲ့အပေါ်နဲ့ သူတို့ရဲ့ အနာဂတ်တွေကိုမြင်တဲ့အပေါ်မှာ အများကြီး အကျိုးသင်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါကလေးငယ် (၈) ဦးအား Slient Yangon အား ဒီဇိုင်းဆွဲပေးသည့် မီလန်ရှိ ZeroZero Studio ပိုင်ရှင် အီတလီလူမျိုးဓာတ်ပုံဆရာ Francesca Moscheni, Silvia Grazioli နှင့် 1010 design မှ Gaia Guiduzzi တို့မှ ဓာတ်ပုံရိုက်ကူးခြင်းနှင့်ပတ်သက်၍ အနီးကပ်သင်ကြားပေးခဲ့သည်။ အီတလီလူမျိုး ရုပ်ရှင်ထုတ်လုပ်သူ Marco Armando Piccinini မှလည်း သင်ကြားပေးခဲ့သည့် နေရာတွင် ကလေးများနှင့်အတူ တစ်ပတ်ခန့် အချိန်ကုန်ဆုံးခဲ့ပြီး မသန်စွမ်းကလေးငယ်များမှ ခေတ်မှီနည်းပညာများအသုံးပြု၍ အခက်အခဲအတားအဆီးများကိုကျော်လွှားကာ ပင်ကိုအနုပညာစွမ်းရည်များ မည်ကဲ့သို့ပြသခဲ့သည်ကို ပုံပြင်ဆန်ဆန်ဗီဒီယိုတစ်ခု ရိုက်ကူးပေးခဲ့သည်။ အဆိုပါဗီဒီယိုအား ၂၀၁၉ ခုနှစ် ဒုတိယ (၃) လပတ်တွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

အဆိုပါစာအုပ်အား သန်းထိုက်ရတနာပုံနှိပ်တိုက်မှ ဦးဝင်းအောင်မှ ထုတ်လုပ်ပေးပြီး Myanmar Book Center စာအုပ်တိုက်မှ ဒေါက်တာသန့်သော်ကောင်းမှတာဝန်ယူ၍ စာအုပ်ဆိုင်များနှင့် ရွေးချယ်သတ်မှတ်ထားသည့်နေရာများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ Silent yangon စာအုပ်ရောင်းချခြင်းမှ ရရှိသည့်အကျိုးအမြတ်အား ရန်ကုန်မြို့၏ ဆင်းရဲသောမြို့နယ်များရှိ ချို့တဲ့နွမ်းပါးသော ကလေးရာပေါင်းများစွာကို သင်တန်းများပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်တွင်ထောက်ပံ့ပေးခြင်းတို့တွင် အသုံးပြုသွားမည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top