ONE: A New Era ပြိုင်ပွဲကြီးတွင် စောင့်ကြည့်ရမည့် ကစားသမား (၅) ဦး

News_011919_6.gif

ONE Championship သမိုင်းတစ်လျှောက် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတစ်ခု ဖြစ်လာမည့် ONE: A New Era ပြိုင်ပွဲကြီးကို လာမည့် မတ်လ (၃၁) ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ (၄) ပွဲ အပါအဝင် စုစုပေါင်း တွဲဆိုင်းပြိုင်ပွဲပေါင်း (၁၅) ပွဲ ပါဝင်မည်ဖြစ်ပြီး ကစားသမားပေါင်း (၃၀) က ၎င်းတို့၏ အကောင်းဆုံးတိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်ပြသကြမည်ဖြစ်သည်။ အဆိုပါကစားသမားများအနက် ထူးခြားသည့် အချက်အလက်များကြောင့် စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမည့် ကစားသမား (၅) ဦးကို ရွေးချယ် ဖော်ပြလိုက်ရပါသည်။

Eduard Folayang

Eduard Folayang
ကြိုးဝိုင်းနာမည် “Landslide” ဟု အမည်ရထားသူ Eduard Folayang သည် ONE Chamionship ပြိုင်ပွဲတွင် (၈) နှစ်တိုင်တိုင် ပါဝင်ကစားခဲ့သည့် သက်တမ်းရှည်ကစားသမားတစ်ဦး ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ့လက်ရွေးစင် ဝူရှူးအားကစားသမားအဖြစ် ဆီးဂိမ်းရွှေတံဆိပ်ရရှိခဲ့ဖူးသူ Folayang သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကသို့ ၂၀၁၀ တွင် ကူးပြောင်းလာသူဖြစ်သဖြင့် ၎င်း၏ကစားကွက်များမှာ လှပညက်ညောပြီး ဝူရှူးအငွေ့အသက်များ လွှမ်းခြုံနေသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝတွင် ပွဲပေါင်း (၂၇) ပွဲ ကစားခဲ့သည့်အနက် (၂၁) ပွဲ အနိုင်ရထားသူဖြစ်ပြီး ဖိလစ်ပိုင် URCC ဝယ်လ်တာဝိတ်တန်းချန်ပီယံ၊ Martial Combat လိုက်ဝိတ်တန်းချန်ပီယံ၊ ONE Championship လိုက်ဝိတ်တန်းချန်ပီယံဆုများရရှိခဲ့သည်။ ထူးခြားသည့်အချက်တစ်ချက်မှာ Folayang သည် ကိုယ်ခံပညာကစားသမားမဖြစ်ခင်က အထက်တန်းပြကျောင်းဆရာတစ်ဦးအဖြစ်လည်း အသက်မွေးခဲ့ဖူးခြင်း ဖြစ်သည်။

ငယ်စဉ်က အလွန်ဆင်းရဲနွမ်းပါးပြီး ၎င်း၏ မောင်နှမများအနက် ငါးဦးမှာ နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့သောကြောင့် ကြေကွဲစရာငယ်ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ၎င်း၏ ကြိုးစားအားထုတ်မှုကြောင့် ပညာရေးတွင် တက္ကသိုလ်ပညာသင်ဆုရသည်အထိ အောင်မြင်ခဲ့သလို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွင်လည်း ဖိလစ်ပိုင်၏ဂန္တဝင်တစ်ဦးဟု ကမ္ဘာကျော် လက်ဝှေ့သမား Manny Pacquiao ကပင် ချီးကျူးခဲ့ရသည်။

ONE: A New Era ပြိုင်ပွဲကြီးတွင် Folayang နှင့် ယှဉ်ပြိုင်ရမည့် ကစားသမားမှာ ဂျပန်နိုင်ငံသား Shinya Aoki ဖြစ်သည်။ Aoki သည် One Championship လိုက်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပြီး ၎င်း၏ချန်ပီယံခါးပတ်ကို ၂၀၁၆ က Folayang လုယူသွားခဲ့သဖြင့် ယခုပွဲကို မကျေပွဲအဖြစ် ပြန်လည်စိန်ခေါ်ထိုးသတ်ခြင်းဖြစ်သည်။ ONE:A New Era ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းလည်းဖြစ်သော ယခုပွဲစဉ်တွင် Folayang အနေဖြင့် ၎င်း၏ လိုက်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်ကိုကာကွယ်နိုင်မည်လား ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ကြရမည်ဖြစ်သည်။

Angela Lee

Angela Lee
ကစားသမားဘဝ တစ်လျှောက်လုံးရှုံးပွဲတစ်ပွဲမျှမရှိဘဲ ပွဲတိုင်းအနိုင်ယူခဲ့သူဖြစ်သဖြင့်
“Unstoppable” ဟု ကြိုးဝိုင်းနာမည် ရရှိထားသူ Angela
Lee သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွင် အသက်အငယ်ဆုံးကမ္ဘာ့ချန်ပီယံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားသူ ဖြစ်သည်။ တရုတ်လူမျိုးဖခင်နှင့် ကိုရီးယားလူမျိုး မိခင်တို့နှစ်ဦးစလုံးမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများဖြစ်ကြသဖြင့် အသက်သုံးနှစ်အရွယ်ကတည်းက ကိုယ်ခံပညာစတင်သင်ယူခွင့်ရခဲ့သည်။ ထို့ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်ရခဲ့သလို အမေရိကန်၊ ဟာဝိုင်ယီပြည်နယ်၏ နပမ်းချန်ပီယံလည်းဖြစ်ခဲ့သည်။ လက်ဝှေ့နှင့် နပမ်း ပေါင်းစပ်ထားသည့် ပန်ခရေးရှင်းပြိုင်ပွဲတွင်လည်း ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့သည်။

ONE Championship ပြိုင်ပွဲကို အသက် (၁၈) နှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အက်တမ်ဝိတ်တန်းချန်ပီယံဖြစ်ချိန်တွင် (၁၉) နှစ်နှင့် (၃၀၃) ရက်သာရှိသေးသဖြင့် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

Lee ၏ ကစားသမား ဘဝတစ်လျှောက် အထူးခြားဆုံးပွဲစဉ်တစ်ခုမှာ ဘရာဇီးလ်နိုင်ငံသူ
Istela Nunes နှင့် ထိုးသတ်ခဲ့သည့် ချန်ပီယံကာကွယ်ပွဲဖြစ်သည်။ ယင်းပွဲတွင် Leeသည် အဆုတ်ရောင်ရောဂါဖြင့် နာမကျန်းဖြစ်နေသည့်တိုင် ကြိုးဝိုင်းထဲဝင်ရောက်ထိုးသတ်ခဲ့ပြီး စိန်ခေါ်သူ Nunes ကိုအနိုင်ယူကာ ၎င်း၏ ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ဖူးသည်။ ယခု ONE: A New Era ပြိုင်ပွဲကြီးတွင် Lee နှင့် ထိုးသတ်ရမည့် ပြိုင်ဘက်မှာ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Xiong Jing Nan ဖြစ်သည်။ Jing Nan သည်လည်း ONE Championship တွင် ရှုံးပွဲမရှိသေးသူဖြစ်ရာ ဝိတ်တန်းတက်စိန်ခေါ်သူ Lee အနေဖြင့် ONE Championship အမျိုးသမီး ဝိတ်တန်း (၂) ခုစလုံးတွင် ပထမဆုံးချန်ပီယံဖြစ်ရေးအိပ်မက် အသက်ဝင်၊ မဝင်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

အောင်လအန်ဆန်

အောင်လအန်ဆန်
မြန်မာနိုင်ငံ၏ နိုင်ငံဂုဏ်ဆောင်အားကစားသမားအဖြစ် ပုံဖော်ချီးကျူးခြင်းခံရသူ
အောင်လအန်ဆန်သည် တစ်ချိန်က သာမန်မထင်မရှား ပျားမွေးမြူရေးလုပ်သားလေးတစ်ဦးအနေဖြင့် ဘဝကို ဖြတ်သန်းခဲ့ဖူးသူဖြစ်သည်။ “မြန်မာစပါးအုံး”ဟု တင်စား ခေါ်ဝေါ်ခြင်းခံရသူ အောင်လအန်ဆန်သည် ငယ်စဉ်က မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သော်လည်း ၂၀၀၃ တွင် ပညာရေး အတွက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ မီချီဂန်တက္ကသိုလ်တွင်ပညာသင်ရင်း ဝါသနာအရ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းများကို လေ့လာသင်ယူရာမှ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ တိုးတက်လာခဲ့သည်။

၎င်း၏ အစွမ်းအစကို သတိပြုမိခဲ့သော ONE Championship က ၂၀၁၄ ခုနှစ်တွင်
ခေါ်ယူစာချုပ်ခဲ့ရာ ပြိုင်ပွဲဆယ်ပွဲတွင် တစ်ပွဲသာရှုံးနိမ့်ခဲ့သည့်ရလဒ်ဖြင့် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်လာခဲ့သည်။ ၎င်းကို မြန်မာအစိုးရနှင့် တပ်မတော်ကပါဂုဏ်ပြုခဲ့ပြီး မွေးရပ်မြေကချင်ပြည်နယ်တွင်လည်း ကြေးရုပ်ထုလုပ် ဂုဏ်ပြုခြင်းခံခဲ့ရသည်။

သို့သော် အောင်လအန်ဆန်၏ နိုင်ပွဲများအနက် နှစ်ပွဲသာ ပြည်ပတွင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး
ကျန်ပွဲအားလုံး ကိုယ့်နိုင်ငံကိုယ့်ပရိသတ်ရှေ့တွင် ထိုးသတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုပြိုင်ပွဲ၌ ပြည်ပတွင် အိမ်ရှင်နိုင်ငံသားနှင့် ထိုးသတ်ရမည်ဖြစ်သဖြင့် အောင်လအန်ဆန်အတွက် ခက်ခဲသည့်ပွဲတစ်ပွဲဖြစ်လာနိုင်ပေသည်။ ထို့ပြင် ၎င်း၏ပြိုင်ဘက်
Ken Hasegawa မှာလည်း ယခင်က ၎င်းကို တစ်ကြိမ်စိန်ခေါ်ခဲ့ဖူးသူဖြစ်ပြီး ငါးချီလုံးလုံး အကြိတ်အနယ်ထိုးသတ်ပြီးမှ နောက်ဆုံးအချီတွင် အလဲထိုးကွက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်အနေဖြင့် ၎င်း၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို အိမ်ရှင်ကစားသမားလုယူခြင်းမခံရအောင် ထိန်းသိမ်းနိုင်မည်လားဆိုသည်က စိတ်ဝင်စားဖွယ် ကောင်းလှသည်။

Demetrious Johnson

Demetrious Johnson
UFC ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ဖလိုင်းဝိတ်တန်းချန်ပီယံရွှေခါးပတ်ကို (၁၁) ပွဲဆက်တိုက် ကာကွယ်နိုင်သည့် တစ်ဦးတည်းသောကစားသမား Demetrious Johnson သည် ၎င်း၏ ဝိတ်တန်းတွင် ကမ္ဘာ့အကောင်းဆုံးဟုပင် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်သည်။ Mighty Mouse ဟု ကြိုးဝိုင်းနာမည်ရထားသူ Johnson သည် မြန်ဆန်သည့်လက်သီးချက်များနှင့် ၎င်းကိုဖမ်းချုပ်ရန် ခက်ခဲသည့်ကစားပုံတို့ဖြင့် ပြိုင်ဘက်များကိုအနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ အကြားအာရုံ ချို့ယွင်းနေသည့်မိခင်နှင့် ရိုက်နှက်နှိပ်စက်တတ်သည့်ပထွေးတို့လက်ပေါ်တွင် ကြီးပြင်းလာရသူ Johnson သည် ၎င်းဘဝ၏ မကျေနပ်ချက်များကို အားကစားထဲပုံချလေ့ကျင့်ခဲ့ရာ ငယ်ငယ် ရွယ်ရွယ်ဖြင့် ထူးချွန်သည့်နပမ်းသမားဖြစ်လာခဲ့သည်။

၂၀၀၇ တွင်မူ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ပွဲများဆက်ကာ အကောင်းဆုံးကိုယ်ခံပညာကစားသမားတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ UFC တွင် အစွမ်းပြနေသော Johnson ကို ၂၀၁၈ အောက်တိုဘာတွင် ONE Championship က စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီး ယင်းသို့ခေါ်ယူနိုင်ရန် အတွက် ONE ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံ Ben Askren ကို UFC သို့လွှဲပေးခဲ့ရသည်။ စာချုပ်ချုပ်ပြီးငါးလအကြာတွင်မှ Johnson ၏ ပထမဆုံး ONE Championship ပြိုင်ပွဲအဖြစ် A New Era တွင် ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရခြင်း ဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူYuya Wakamatsu သည် ဂျပန်နိုင်ငံ၏ Pancrase ကိုယ်ခံပညာ
သိုင်းပေါင်းစုံပြိုင်ပွဲတွင် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို Johnson ထက်လည်း အသက်ဆယ်နှစ်နီးပါး ငယ်ရွယ်သူဖြစ်သည်။ Wakamatsu ၏ နိုင်ပွဲ (၁၀) ပွဲတွင် (၉) ပွဲက အလဲထိုး သို့မဟုတ် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရထားသူဖြစ်သောကြောင့် Johnson ၏ ONE Championship ပွဲဦးထွက် လှပနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

Eddie Alvarez

Eddie Alvarez
မြောက်အမေရိက၏ အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကြီးများဖြစ်သော UFC နှင့် Bellator နှစ်ခုစလုံးတွင် ချန်ပီယံဖြစ်ဖူးသည့် တစ်ဦးတည်းသောကစားသမား Eddie Alvarez သည် ငယ်စဉ်က မိသားစုစားဝတ်နေရေးအတွက် ပြည်တွင်းကိုယ်ခံပညာပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခဲ့ရသူ ဖြစ်သည်။ ၎င်းပါဝင်သည့် ပြိုင်ပွဲတိုင်းလိုလိုတွင် နိုင်ပွဲများဆက်ခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ Dream ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာထိ ရောက်ခဲ့သည်။ သို့သော် မျက်လုံးဒဏ်ရာရသွားသဖြင့် ချန်ပီယံစိန်ခေါ်ပွဲကစားခွင့်မရခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မှ Bellator နှင့် UFC ပြိုင်ပွဲများထံရောက်ရှိလာခဲ့ပြီး လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်မြေသည် Alvarez အတွက် မစိမ်းသည့် အောင်မြေတစ်ခုဖြစ်သည်။

The Underground King ဟု ကြိုးဝိုင်းနာမည်ရရှိထားသူ Alvarez သည် ၂၀၁၈ အောက်တိုဘာလတွင် Demetrious Johnson နှင့်အတူ ONE Championship သို့ ရောက်ရှိလာခဲ့ပြီး Johnson ကဲ့သို့ပင် ယခုပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ရုရှားနိုင်ငံသား Timofey Nastyukhin မှာ Pancrase ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ထားသူဖြစ်သည်။ Nastyukhin ၏ သမိုင်းဝင်သည့်နိုင်ပွဲမှာ Rob Lisita ကို ခြောက်စက္ကန့်ဖြင့်အနိုင်ရခဲ့သည့်ပွဲဖြစ်ကာ ONE Championship သမိုင်းတစ်လျှောက်တွင် အမြန်ဆုံး ပွဲသိမ်းသည့်ပွဲလည်း ဖြစ်ခဲ့သည်။ ယခုပွဲတွင် Alvarez အနေဖြင့် ခက်ခဲသည့်ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့ရမည်ဖြစ်သဖြင့် ONE Championship နှင့် အဖွင့်ပွဲကို နိုင်ပွဲနှင့် စတင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top