နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေး ဖြစ်ခဲ့တဲ့ တန်ဇန်းနီးယား မိုင်းတူးဖော်ရေးလုပ်သား

25-6-2020-yyl-015.jpg

တန်ဇန်းနီးယားနိုင်ငံရဲ့ တစ်နိုင်တစ်ပိုင် မိုင်းတူးဖော်ရေးလုပ်သားတစ်ယောက်ဟာ တန်ဇန်းနီးယားနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးတွေ့ရှိမှုအဖြစ် တန်ဇန်နိုက်ကျောက် ၂ တုံး တွေ့ရှိခဲ့လို့ နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့ပါတယ်။ လိုင်ဇာဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အလေးချိန် ၉.၂ ကီလိုဂရမ်နဲ့ ၅.၈ ကီလိုဂရမ်စီရှိတဲ့ တန်ဇန်နိုက်ကျောက်နှစ်တုံး တူးဖော်တွေ့ရှိခဲ့ပြီး တန်ဇန်းနီးယားမိုင်းတူးဖော်ရေးဝန်ကြီးဌာနကို ရောင်းချလိုက်ချိန်မှာ ပေါင် ၂.၄ သန်း ရရှိခဲ့ပါတယ်။ အဆင်တန်ဆာတွေ ပြုလုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ တန်ဇန်နိုက်ကျောက်ကို တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာပဲ တွေ့ရမှာပါ။

မိန်းမ ၄ ယောက်ရှိပြီး သားသမီးအယောက် ၃၀ ကျော်ရှိတဲ့ လိုင်ဇာက တန်ဇန်နိုက်ကျောက်တွေ ရောင်းချလို့ရလာတဲ့ငွေနဲ့ သူတို့ဒေသမှာ စာသင်ကျောင်းနဲ့ ဈေးဝယ်စင်တာ တည်ဆောက်ပေးချင်တယ်လို့ ဆိုပါတယ်။ တန်ဇန်နိုက်ကျောက်ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်မျက်ရတနာတစ်မျိုးဖြစ်ပြီး လာမယ့်နှစ် ၂၀ အတွင်း ပျောက်ကွယ်သွားမယ်လို့ ဒေသခံဘူမိဗေဒ ပညာရှင်တစ်ယောက်က ပြောပါတယ်။ တန်ဇန်နိုက်ကျောက်ရဲ့ အရောင် ဒါမှမဟုတ် အကြည်ဓာတ်ရဲ့ ရှားပါးမှုအလိုက် တန်ဖိုးမြင့်မားပါတယ်။ လိုင်ဇာရဲ့ တွေ့ရှိမှုမတိုင်ခင် အကြီးမားဆုံး တန်ဇန်နိုက်ကျောက် တွေ့ရှိမှုက အလေးချိန် ၃.၃ ကီလိုဂရမ်ပဲ ရှိပါတယ်။ လိုင်ဇာရဲ့တွေ့ရှိမှုကို တန်ဇန်းနီးယားသမ္မတ မာဂူဖူလီက ဖုန်းဆက်ပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top