သူ့အိမ်ရှေ့ရောက်လာတဲ့ မိကျောင်းတစ်ကောင်ကို ကိုယ်တိုင်ရင်ဆိုင်နိုင်ခဲ့တဲ့ အမျိုးသား

18-8-2022-yyl-03.jpg

တက္ကဆပ်ပြည်နယ် အလယ်တန်းကျောင်းသူလေးတစ်ယောက် ကျောင်းစတက်မယ့်နေ့ အိမ်တံခါးပေါက်ရှေ့မှာ သူ့ကို ထိတ်လန့်သွားစေမယ့် အရာတစ်ခုက ကြိုဆိုနေခဲ့ပါတယ်။ သူ အိမ်ရှေ့တံခါးပေါက်ကို ဖွင့်လိုက်တဲ့အချိန် မိကျောင်းတစ်ကောင်ကို မြင်တွေ့လိုက်ရတာပါပဲ။ အိမ်ထဲပြန်ပြေးဝင်လာခဲ့ပြီး သူ့အဖေကို ပြောပြတော့ မယုံခဲ့ဘူး။ သူ့အဖေလည်း မိကျောင်းကို သူကိုယ်တိုင်မြင်တွေ့လိုက်ရမှ ယုံသွားပါတော့တယ်။

ကံကောင်းချင်တော့ သူက ကိုယ်ခံပညာကစားသမားဟောင်းလည်းဖြစ်၊ “မိကျောင်းမုဆိုး” အဖြစ် လူသိများတဲ့ စတိဗ် အာဝင်ရဲ့တီဗီစီးရီးကိုး နှစ်တော်တော်ကြာကြည့်ခဲ့ဖူးသူလည်းဖြစ်တယ်။ အဲဒါကြောင့် မိကျောင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

သူကတော့ Mike’s Seafood စားသောက်ဆိုင်ပိုင်ရှင် မိုက်ခ် ထရင်းချ်ပါ။ အစကတော့ သူက မိကျောင်းကို ဘာမှမလုပ်သေးဘဲ မိကျောင်းအပေါ်ကို မျက်နှာသုတ်ပုဝါပဲ ပစ်ပြီး အုပ်ထားခဲ့တယ်။ အဲဒီနောက် သူ့ကလေးတွေကို ကားဆီခေါ်သွားပြီး ကျောင်းလိုက်ပို့လိုက်တယ်။ ကျောင်းပို့ပြီးပြန်လာတော့ သူ့အိမ်ရှေ့မှာ မိကျောင်းက ရှိနေသေးတယ်။

မိုက်ခ်က မိကျောင်းကို ကိုယ်တိုင်မရင်ဆိုင်သေးဘဲ Fort Bend County Sheriff’s Office ရဲဌာနကို ဖုန်းဆက်ခဲ့တယ်။ ရဲဌာနက မစ်ဆူရီမြို့ရဲစခန်းကို ညွှန်ပေးခဲ့တယ်။ မစ်ဆူရီမြို့ရဲစခန်းကလည်း Texas Parks and Wildlife Department ကို ဆက်သွယ်ခိုင်းခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာ Texas Parks and Wildlife Department က မဖွင့်သေးဘူး။

မိုက်ခ်လည်း (၁) နာရီလောက် စောင့်ဆိုင်းပြီးနောက် သူကိုယ်တိုင်ပဲ မိကျောင်းကို ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ မိုက်ခ်က မိကျောင်းရဲ့ပါးစပ်ကို လက်ကိုင်ရိုးရှည်တပ်တူကြီးနဲ့ ထိုးပိတ်ထားကာ သူ့နောက်ကျောပေါ် တက်ခွပြီးဖိထားခဲ့တယ်။ ပြီးတော့ ကျောင်းမတတ်ရသေးတဲ့ သူ့သမီးလေးကို ပြွန်တိပ်ကို တောင်းလိုက်ပြီး မိကျောင်းရဲ့ပါးစပ်ကို တိပ်တွေနဲ့ပတ်ပြီး ပိတ်ခဲ့ပါတယ်။ ပါးစပ်ကို တိပ်ပတ်ပြီးသွားတော့ ခြေထောက်တွေကိုလည်း တိပ်တွေနဲ့ပတ်ခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ခံပညာကစားသမားအတွေ့အကြုံက မိကျောင်းကို သူ ဘယ်လို ဖိပြီးချုပ်ထားရမယ်ဆိုတာသိအောင် ကူညီပေးခဲ့တာပါ။ နောက်တော့ သူ ဆက်သွယ်ခဲ့တဲ့အဖွဲ့အစည်းတွေက ပြန်ဆက်သွယ်မလာတဲ့အတွက် ဒေသတွင်းကကိုယ်ပိုင်တောထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးကို ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မိကျောင်းယူမယ့်တစ်စုံတစ်ယောက်နဲ့ လာမှာဖြစ်တဲ့အတွက် အခကြေးငွေက ဒေါ်လာ ၃၀၀ ဖြစ်နေပါတယ်။ သူက ဒီငွေပမာဏကို မပေးချင်တာကြောင့် သူနဲ့သူ့သူငယ်ချင်းဖြစ်သူက ကုန်တင်ကားနောက်ထဲ မိကျောင်းကို ထည့်ပြီး အနီးနားက ကန်ဆီ မောင်းသွားခဲ့ပါတယ်။ ကန်နားရောက်တဲ့အချိန် မိကျောင်းကို တိပ်တွေဖြည့်ပေးပြီးတဲ့နောက် မိကျောင်းက ကုန်တင်ကားနောက်ကနေ ချော်ပြီး ရေထဲကျသွားခဲ့ပါတယ်။

ကန်ထဲ မိကျောင်းကျသွားတဲ့အခါမှ မိုက်ခ်လည်း စိတ်အေးသွားရပါတော့တယ်။ “ကျွန်တော် ဒီလိုမျိုး မိကျောင်းတစ်ကောင်ကို မရင်ဆိုင်ခဲ့ရဖူးဘူး။ မိကျောင်းတွေကို ရေထဲမှာပဲ တွေ့ဖူးတယ်။ လူတွေနေတဲ့ အိမ်ရှေ့တံခါးပေါက်ဆီ တွားသွားလာတာကို မကြုံခဲ့ဖူးဘူး”လို့ မိုက်ခ်က ဆိုပါတယ်။

Ref: ABCNews “Texas restaurant owner takes down alligator on his front porch”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top