မြေရှားသတ္တုသံလိုက်မပါတဲ့ လျှပ်စစ်မော်တာဒီဇိုင်းထွင်ခဲ့တဲ့ ဆယ်ကျော်သက်

18-8-2022-yyl-01.jpg

ယနေ့ခေတ်လူငယ်တွေ တော်ပြီးထက်မြက်ကြတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ တချို့လူငယ်တွေဆို အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြပါတယ်။ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ ဆယ်ကျော်သက်ကောင်လေးဆိုရင် အင်ဂျင်နီယာဆိုင်ရာပရောဂျက်တွေကို လုပ်ရင်းနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချတာပါ။

ရောဘတ် ဆန်ဆိုနီဆိုတဲ့ အဲဒီကောင်လေးက အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ အားလပ်ချိန်တွေမှာ မြန်နှုန်းမြင့်အပြေးဖိနပ်အပါအဝင် အင်ဂျင်နီယာဆိုင်ရာပရောဂျက်တွေကို ဖန်တီးခဲ့တာ အနည်းဆုံး (၆၀) လောက်ရှိပါပြီ။ အခုနောက်ဆုံးပရောဂျက်ကတော့ လျှပ်စစ်ကားတွေအတွက် အရေးကြီးတဲ့ လျှပ်စစ်မော်တာဒီဇိုင်းပါပဲ။

လွန်ခဲ့တဲ့ (၂) နှစ်လောက်က ရောဘတ်ဟာ လျှပ်စစ်ကားတွေရဲ့အားသာချက်နဲ့အားနည်းချက်အကြောင်း ဗီဒီယိုတစ်ခုကို တွေ့ပြီး လျှပ်စစ်ကားတွေကို စိတ်ဝင်စားလာခဲ့တာပါ။ ဗီဒီယိုကို ကြည့်ပြီးတဲ့နောက် လျှပ်စစ်ကားမော်တာအများစုက ငွေကုန်ကျစရိတ်များနိုင်တဲ့ မြေရှားသတ္တုအစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ သံလိုက်တွေလိုအပ်တယ်ဆိုတာကို နားလည်ခဲ့ပါတယ်။

မြေရှားသတ္တုအစိတ်အပိုင်းတွေကို အသုံးမပြုတဲ့ လျှပ်စစ်မော်တာအမျိုးအစားတစ်ခု synchronous reluctance motor အကြောင်း ရောဘတ်ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီမော်တာမျိုးက ပန့်နဲ့ ပန်ကာတွေကို အသုံးပြုပြီး လျှပ်စစ်ကားတွေမှာ အသုံးပြုဖို့လုံ‌လောက်တဲ့အားမရှိတဲ့အတွက် သူက ဒီပြဿနာကို အဖြေရှာကြည့်ဖို့ လုပ်ခဲ့ပါတယ်။

ရောဘတ်က တစ်နှစ်လုံး​လေ့လာမှု​တွေလုပ်ပြီး ရှိပြီးသားမော်တာထက် ပိုမိုကြီးမားတဲ့ လည်ပတ်အား (သို့) လိမ်အားနဲ့ ထိရောက်မှုရှိတဲ့ synchronous reluctance မော်တာရဲ့ ပုံစံငယ်ကို ဖန်တီးခဲ့ပါတယ်။ ပလက်စတစ်၊ကြေးနန်းကြိုး၊ စတီးဒလက်တွေနဲ့ ပိုမိုလွယ်ကူအောင် လုပ်ထားတဲ့ မော်တာကို ရဖို့အတွက် (၁၅) ကြိမ် ကြိုးစားခဲ့ရပါတယ်။

သူ့ရဲ့လျှပ်စစ်မော်တာဒီဇိုင်းအသစ်က လည်ပတ်အား ၄၀ ရာခိုင်နှုန်းနီးပါးလောက်ထုတ်ပေးပြီး ပိုမိုထိရောက်စွာ လုပ်ဆောင်ပေးပါတယ်။ အတိအကျ ဆိုရရင်တော့ သူ့ရဲ့အင်ဂျင်က (လက်ရှိအင်ဂျင်တွေထက်) လည်ပတ်အား ၃၉ ရာခိုင်နှုန်း ပိုကောင်းတယ်။ တစ်မိနစ် အပတ်ရေ ၃၀၀ နှုန်း 300 (RPM)နဲ့ လည်ရင် ၃၁ ရာခိုင်နှုန်း စွမ်းဆောင်ရည် ပိုမြင့်ပြီး 750 RPM ဆိုရင် စွမ်းဆောင်ရည် ၃၇ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ Smithsonian Magazine က ဖော်ပြပါတယ်။

ရောဘတ်ရဲ့ဒီဇိုင်းက အခုနှစ်ရဲ့ Regeneron International Science and Engineering Fair (ISEF) ပြိုင်ပွဲမှာ ဆုကြေးငွေ ဒေါ်လာ ၇၅၀၀၀ နဲ့ ပထမဆုရရှိခဲ့ပါတယ်။ သူ့ရဲ့ဒီဇိုင်းက ကားကုမ္ပဏီတွေဆီ ရောက်ဖို့ဆိုရင် နောက်တဆင့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ရောဘတ်ကတော့ တစ်နေ့ကျ သူ့ရဲ့မော်တာက လျှပ်စစ်ကားတွေအတွက် ရွေးချယ်စရာဒီဇိုင်းဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

Ref: 17-Year-Old Designs Futuristic Electric Motor Without Rare-Earth Magnets That Could Transform Electric Vehicle Industry

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top