တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်မှုမှာ ဆရာမ အာမာဂါစီယာက သူရဲကောင်းဆန်ဆန် အသက်စွန့်ခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ ဆရာမရဲ့ခင်ပွန်းဖြစ်သူ ဂျိုးဂါစီယာဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ရော့ဘ်မူလတန်းကျောင်းထဲကို သေနတ်သမား ဝင်ရောက်ပစ်ခတ်ချိန်မှာ ဆရာမ အာမာဂါစီယာက ကျောင်းသား/သူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး အသက်စွန့်သွားခဲ့တာပါ။

ဇနီးသည် ကွယ်လွန်သွားလို့ ယူကျုံးမရ စိတ်နှလုံးထိခိုက်ခဲ့တဲ့ ဂျိုးဂါစီယာဟာ ဇနီးသည်ရဲ့ အမှတ်တရအုတ်ဂူကိုသွားပြီး လွမ်းသူ့ပန်းခွေချပြီး အပြန်မှာပဲ ရင်ကွဲနာကျ သေဆုံးသွားခဲ့တာပါ။ ဂျိုးဂါစီယာနဲ့ အာမာဂါစီယာတို့ဟာ အထက်တန်းကျောင်းကတည်းက ချစ်သူတွေဖြစ်ခဲ့ပြီး အိမ်ထောင်သက် ၂၄ နှစ် ရှိပါပြီ။ သူတို့လင်မယားမှာ အသက် ၁၂ နှစ်ကနေ ၂၃ နှစ်ကြား အရွယ်ရှိတဲ့ သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဆရာမ အာမာဂါစီယာ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူမိသားစုအတွက် ရည်ရွယ်တည်ထောင်ခဲ့တဲ့ GoFundMe ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၁.၆ သန်းကျော် ရရှိထားပါတယ်။ GoFundMe ရန်ပုံငွေကို တည်ထောင်ခဲ့တဲ့ အာမာဂါစီယာရဲ့ ညီမဝမ်းကွဲ ဒီဘရာအော်စတင်ကတော့ ” ဂျိုးက ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတာလို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က တက္ကဆက်ပြည်နယ် ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်းကို အသက် ၁၈ နှစ်အရွယ် သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဆရာမ ၂ ယောက်နဲ့ ကျောင်းသား/သူ ၁၉ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။
Ref: BBC ” Texas school shooting: Husband of killed teacher dies ‘of grief'”
Team ( ရိုးရာလေး)