အစိုးရကပေးတဲ့ငွေတွေသုံးပြီး အခြားသူတွေအတွက် ပစ္စည်းတွေဝယ်ပေးနေတဲ့ ထိုင်းနိုင်ငံက အဘွားအို

19-5-2020-yyl-021.jpg

ပရဟိတလုပ်တာက ငွေတစ်ခုတည်းနဲ့တင်မလုပ်လောက်ပါဘူး။ နှလုံးသားမှာလည်း ပရဟိတစိတ်အပြည့်ရှိရပါတယ်။ အခုလိုခက်ခဲနေတဲ့အချိန်မှာ မီလျံနာတွေက လိုအပ်နေတဲ့သူတွေကို ပိုက်ဆံနဲ့ စားသောက်ကုန်တွေကို လှူဒါန်းနေကြသလို ပိုက်ဆံမပေါတဲ့သူတွေကလည်း သူတို့တတ်နိုင်သလောက် သဒ္ဒါတရားပြည့်ဝစွာနဲ့ လှူဒါန်းပေးနေကြပါတယ်။ Ang Thong က အဘွားအိုတစ်ယောက်ကလည်း အစိုးရကပေးတဲ့ငွေတွေကို အသုံးပြုပြီး လိုအပ်တဲ့ပစ္စည်းတွေဝယ်ကာ အများပြည်သူသုံးဗီရိုတွေမှာ ဖြည့်ပေးခဲ့ပါတယ်။ အဲဒီအဘွားအကြောင်းကို ဖေ့စ်ဘွတ်ခ်ပေ့ချ် Puenromrok က မေလ ၁၄ ရက်နေ့က မျှဝေပေးခဲ့ပါတယ်။

Sawaeng Ha Police Station ရှေ့မှာထားရှိတဲ့ စားသောက်ကုန်ဗီရိုမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်နဲ့ ဆပ်ပြာတွေလို လိုအပ်တဲ့ပစ္စည်းတွေကို စီပြီးထားနေတဲ့အဘွားကို ဗီဒီယိုရိုက်ထားခဲ့တာဖြစ်ပါတယ်။ အဘွားကို ရဲအရာရှိကတွေ့ရှိခဲ့ပြီး အခု ကိုယ်တိုင်ခက်ခဲနေတဲ့အချိန်မှာ အခြားသူတွေအတွက် ပစ္စည်းတွေဝယ်ဖို့ သူ့ရဲ့ပိုက်ဆံတွေကို ဘာလို့သုံးခဲ့တာလဲလို့ မေးမြန်းခဲ့ပါတယ်။ အဘွားက သူ့မှာ ကျန်နေတဲ့ပိုက်ဆံက သူ့အတွက် လုံလောက်နေပါပြီ။ လိုအပ်နေတဲ့အခြားသူတွေနဲ့လည်း ပစ္စည်းတွေကို မျှဝေသုံးချင်တဲ့အတွက်ကြောင့်ပါလို့ ပြောပါတယ်။

ရဲအရာရှိက အဘွားကို ဒီပိုက်ဆံတွေ ဘာကရခဲ့တာလဲလို့ မေးတော့ အဘွားက အကျပ်အတည်းဖြစ်နေတဲ့သူတွေကို အစိုးရက ဘတ်ငွေ ၅၀၀၀ ပေးနေတဲ့ “No One Left Behind” အစီအစဉ်ကနေ ရတာဖြစ်တယ်လို့ဆိုပါတယ်။ အဘွားက သူရရှိခဲ့တဲ့ငွေတွေထဲကမှ ဘတ်ငွေ ၁၀၀၀ ကို အသုံးပြုပြီးသွားပါပြီ။ အဘွားရဲ့နာမည်က Mdm. Kanitha Buasakun ဖြစ်တယ်ဆိုတာကို နောက်မှ ထုတ်ပြောပြခဲ့တာဖြစ်ပါတယ်။ အဘွားက အခုနှစ်ဆိုရင် အသက် (၆၃) နှစ်ပြည့်ပါပြီ။ အဘွားက ရဲစခန်းတစ်ဝှမ်းမှာလည်း အမြဲတမ်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ဖူးတယ်လို့ ရဲအရာရှိက ပြောပါတယ်။ သက်သာချောင်ချိရေးငွေတွေရဖို့အတွက် အဘွား လျှောက်ထားဖို့အတွက် ရဲအရာရှိက ကူညီပေးခဲ့ရတာပါ။ အဘွားက ငယ်ငယ်လေးကတည်းက လိုအပ်နေတဲ့သူတွေကို အမြဲတမ်းကူညီပေးနေတဲ့အတွက် သူနေထိုင်ရာနေရာက လူတွေအတွက် ဒုက္ခရောက်နေသူကို ကူညီတဲ့ပုဂ္ဂိုလ်အဖြစ် သိထားကြပါတယ်။

အဘွားဟာ သူ့အနီးနားက လူတွေကို ဂရုစိုက်မှုနဲ့ မေတ္တာတရားတွေထားပေးတာက လူတိုင်းအတွက် စံနာမူနာယူထိုက်စေပါတယ်။ အခုလို ခက်ခဲနေတဲ့အချိန်မှာ ပရဟိတအကျိုးကို ဆောင်ရွက်နေကြတဲ့သူတွေကလည်း တကယ့်ကို လေးစားစရာကောင်းတဲ့အတွက် လူတိုင်း အတုယူသင့်ပါတယ်နော်။

Ref: Thai Grandma Uses Her Govt Relief Fund To Stock Up Sharing Pantries With Necessities For Others

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top