သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ

3-9-2020-yyl-001.jpg

ဒီတစ်ခေါက်မှာတော့ အလှအပကိုရော ကျန်းမာရေးပါ အလေးထားသူတွေအတွက် သင့်လျော်မယ့် သံပုရာသီးစိမ်ရည်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာတော့ မင်းသမီးက မနက်နိုးလာရင် သံပုရာသီးစိမ်ထားတဲ့ ရေကို သောက်ပြီး အရမ်းလန်းဆန်းသွားတယ်ဆိုတဲ့ ရိုက်ချက်လေးတွေတော့ တွေ့ဖူးတယ်ဟုတ်။

တကယ်တမ်းမှာလည်း သံပုရာသီးစိမ်ရည်က စိတ်ကို လန်းဆန်းစေရုံသာမက အသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးကျေးဇူး များစွာရှိစေနိုင်ပါတယ်။

သံပုရာသီးစိမ်ရည်က ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လဲ။

၁။ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးတယ်။

တကယ်တော့ သံပုရာသီးစိမ်ထားလို့ အရသာနဲ့ အနံ့ အနည်းငယ်ပြောင်းသွားတာရယ်၊ ကောင်းကျိုးတွေ ရတာရယ်ကို ဖယ်လိုက်ရင် ဒါဟာ ရေသက်သက်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ အသေအချာပဲပေါ့။

၂။ ဗီတာမင်စီ ကြွယ်ဝတယ်။

သစ်သီးကို ရေမှာ စိမ်ရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုကို ပြောပါဆိုရင် သစ်သီးထဲမှာ ရှိနေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါ ရေထဲကို စိမ့်ဝင်သွားတာပါ။ ဒီတော့ အသီးကို သီးသန့်စားပေးနေစရာမလိုဘဲ အဲဒီအသီးကနေ အာဟာရဓာတ်တွေ တစ်စိတ်တစ်ပိုင်းတော့ ရနိုင်တာပေါ့။ သံပုရာသီးဟာ ဗီတာမင် စီ အချဉ်ဓာတ် အလွန်ကြွယ်ဝတဲ့ အသီးဖြစ်တဲ့အတွက် အသီးကို သေချာစိမ်ပေးထားတဲ့ ရေကို သောက်ရင်လည်း အသီးထဲမှာရှိတဲ့ အချဉ်ဓာတ် ဗီတာမင် စီကို သေချာပေါက် ရနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်။

လေဒီတွေ တော်တော်များများ ထင်ထားတာက အသီးတွေ စိမ်ထားတဲ့ရေကို သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ကို ပိန်သွယ်လှပစေတဲ့ အချက်ပါ။ တကယ်တော့ လုံးဝမှန်တာလည်း မဟုတ်သလို မှားတာတော့လည်း မဟုတ်ဘူးခင်ဗျ။

အသီးအနှံတွေမှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Anti-oxidant) တွေ ပါလို့ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် လုံးဝပိန်ကျသွားတာမျိုးထက် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးလိုက်တဲ့သဘောမျိုးပါ။

၄။ အရေပြားကို ကျန်းမာစေတယ်။

သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီဓာတ်က အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေဖို့ ရေဓာတ်ဖြည့်ပေးတယ်။ အရေပြား တွန့်ခြင်း၊ အရေးအကြောင်းထင်ခြင်းကို ကာကွယ်ပေးပြီး အသားအရေကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစိုဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။

၅။ အစာကြေရင်ချောင်စေတယ်။

မနက်ခင်းမှာ သံပုရာသီးစိမ်ရည် တစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ်ရဲ့ အစာချေဖျက်နှုန်းကို မြန်စေသလို ဝမ်းကိုလည်း ပျော့စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းအမာသွားခြင်း၊ သွေးဝမ်းသွားခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ ခံတွင်းအနံ့ဆိုးကို လျှော့ချပေးနိုင်တယ်။

သံပုရာရနံ့ဆိုတာ သဘာဝ အမွှေးရနံ့တွေထဲက တစ်ခုပါ။ ဒီတော့ သံပုရာသီးနဲ့ စိမ်ထားတဲ့ ရေကို သောက်ပေးရင်လည်း ခံတွင်းထဲမှာ ရှိတဲ့ အနံ့ဆိုးတွေကို သက်သာစေပြီး သွားကြားထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။

သံပုရာသီးစိမ်ရည်ကို ဘယ်လိုလုပ်ကြမလဲ။

တကယ့်ကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။ အကောင်းဆုံးကတော့ သံပုရာသီး နှစ်လုံးလောက်ကို ပါးပါးလေး လှီးပြီး ရေတစ်လီတာ ဖြည့်ထားတဲ့ ကရားထဲ ထည့်စိမ်ထားလိုက်ရုံပါပဲ။ ညဘက်မှာကတည်းက ထည့်စိမ်ထားရင် မနက်နိုးလာတဲ့အခါ ရေက သံပုရာသီးအရသာရော အနံ့တွေပါ ကောင်းကောင်းစုပ်ယူထားပြီး ဖြစ်ပါပြီ။

အပိုထပ်ဆောင်းအနေနဲ့ သဘာဝပျားရည် ၂ဇွန်း၊ ပူစီနံ၊ လတ်လတ်ဆတ်ဆတ် ချင်းအပြား၊ သစ်ကြံပိုးခေါက်မှုန့်၊ ဆနွင်းမှုန့်တို့ကိုလည်း ထည့်ပေးလို့ ရသလို အခြား အသီးအနှံများပါ ရောထည့်ပေးခြင်းဖြင့် Detox Water ပုံစံမျိုးလည်း လုပ်လို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Ye Myo Myat

Ref : hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top