နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျေးဇူးတော်နေ့

happy-thanksgiving.jpg

ကျေးဇူးတော်နေ့ဆိုတာ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ အဓိကကျင်းပလေ့ရှိတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ သီးနှံတွေ ရိတ်သိမ်းပြီးခဲ့တဲ့အတွက်ရော၊ နောက်လာမယ့် စိုက်ပျိုးရေးနှစ်မှာ သီးနှံဖြစ်ထွန်းဖို့အတွက်ပါ ကောင်းချီးပေးသူတွေကို ကျေးဇူးတင်တဲ့နေ့ဖြစ်ပါတယ်။ ” ဖန်ဆင်းရှင်ဘုရား၊ ဤကမ္ဘာကြီးတွင် ကျွနု်ပ်တို့လိုအပ်သောအရာများဖြည့်ပေးပြီး ရာသီဥတု၊ ကောက်ရိတ်သိမ်းချိန်တို့ဖြင့် အံ့သြဖွယ် ဖန်ဆင်းထားသည့်အတွက် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့၏ကျေးဇူးတင်ချီးမွမ်းခြင်းကို လက်ခံတော်မူပါ”လို့ ကောင်းချီးပေးကြပါတယ်။

ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေရဲ့ နိုင်ငံတော်အားလပ်ရက်တစ်ခုလည်းဖြစ်ပါတယ်။ ဒီနိုင်ငံ (၂) ခုမှာ အဓိကကျင်းပကြပေမဲ့ ဘရာဇီး၊ ဂရီနေဒါ၊ စိန့်လူစီယာ၊ လိုက်ဘေးရီးယားနိုင်ငံတွေမှာလည်း ကျေးဇူးတော်နေ့ကျင်းပတာတွေ့ရပါတယ်။ အလားတူနာမည်နဲ့ပွဲတော်ကျင်းပတဲ့အားလပ်ရက်အချိန်အခါကို ဂျာမနီနဲ့ ဂျပန်တို့မှာလည်း တွေ့ရပါသေးတယ်။ အမေရိကန်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတွေက နိုဝင်ဘာလ တတိယပတ်ကြာသပတေးနေ့မှာ ကျင်းပပြီး ကနေဒါနိုင်ငံမှာတော့ အောက်တိုဘာလ ဒုတိယပတ်တနင်္လာနေ့မှာ ကျင်းပဆင်နွှဲလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၉ရာစုအစပိုင်းကျမှ နိုဝင်ဘာလ တတိယအပတ် ကြသပတေးနေ့လို့ တရားဝင်သတ်မှတ်ပြီး အစိုးရရုံးပိတ်ရက်အနေနဲ့ ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။ ကနေဒါမှာတော့ ၁၉၅၇ခုနှစ်မှာ ရက်အတိအကျကို တရားဝင်သတ်မှတ်ကျင်းပခဲ့ကြပါတယ်။

ကျေးဇူးတော်နေ့ကို အရင်က သီးနှံရိတ်သိမ်းပွဲအနေနဲ့ ကျင်းပခဲ့ကြတာပါ။ ၁၆၂၁ ခုနှစ်က ဘာသာရေးဖိနှိပ်ခံရလို့ အင်္ဂလန်နိုင်ငံကို စွန့်ခွာပြီး နေရာသစ်ကို ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဖာသာတွေ အမေရိကန်နိုင်ငံ နယူးအင်္ဂလန်ဒေသမှာ ပထမဆုံး စိုက်ပျိုးဖြစ်ထွန်းခဲ့တဲ့ ပြောင်းခင်း ရိတ်သိမ်းအောင်မြင်တဲ့ အထိမ်းအမှတ် ကောက်သစ်စားပွဲကနေ ကျေးဇူးတော်ချီးမွမ်းပွဲ ဖြစ်ပေါ်လာခဲ့တာပါ။ အမေရိကန်တွေအတွက် ကျေးဇူးတော်နေ့ကို ပထမဆုံးသတ်မှတ်ခဲ့တာကတော့ ၁၆၂၁ဖီဂရစ်မှာစတင်တဲ့ ပထမဆုံးသီးနှံရိတ်သိမ်းပွဲအချိန်အခါဖြစ်ပါတယ်။ အဲဒီကနေ နှစ်စဉ်ကျင်းပလာခဲ့ပြီး အနည်းဆုံး (၃) ရက်ကြာ ကျင်းပကြပါတယ်။

ကျေးဇူးတော်နေ့ မကျင်းပခင်တုန်းက မိုးခေါင်မှုတွေဖြစ်ခဲ့ကြပါတယ်။ ကျေးဇူးတော်နေ့ကို စတင်ကျင်းပတဲ့အကျိုးကျေးဇူးကြောင့် ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းအောင်မြင်လာခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ ကျေးဇူးတော်နေ့မှာဆိုရင် မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ ဝိုင်းဖွဲ့စုရုံးစားသောက်ကြပါတယ်။ ကျေးဇူးတော်နေ့အတွက် အဓိကဟင်းလျာမှာ ကြက်ဆင်သားဖြစ်ပြီး အာလူးထောင်၊ ဟင်းသီးဟင်းရွက်ကင်စတဲ့ အခြားဟင်းလျာတွေနဲ့ တွဲဖက်စားသောက်လေ့ရှိကြပါတယ်။ ရွှေဖရုံသီးပိုင်မုန့်ကလည်း ကျေးဇူးတော်နေ့အချိန်အခါမှာ မပါမဖြစ်ပါဝင်တဲ့အစားအစာဖြစ်ပါတယ်။ အခုနှစ် အမေရိကန်နိုင်ငံအတွက် ကျေးဇူးတော်နေ့ကတော့ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ဖြစ်ပါတယ်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top