ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး ခွင့်ပြုချက်ရ ကိုဗစ်ကာကွယ်ဆေးလို့ ဆိုခဲ့တဲ့ သမ္မတ ပူတင် ကာကွယ်ဆေးထိုးနှံခဲ့ခြင်း မရှိ

26-11-2020-yyl-011.jpg

ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးက ကမ္ဘာ့ပထမဆုံး ခွင့်ပြုချက်ရ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပြီး သူ့သမီးကိုယ်တိုင် ကာကွယ်ဆေးထိုးနှံခဲ့တယ်လို့ ကြေညာခဲ့တဲ့ သမ္မတပူတင်ဟာ ကြေညာချက်ထုတ်ပြန်ပြီး လပေါင်းများစွာကြာတဲ့အထိ သူကိုယ်တိုင် ကာကွယ်ဆေးထိုးခဲ့ခြင်း မရှိပါဘူး။ Sputnik V ကာကွယ်ဆေးကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ၊ ထိပ်တန်းအရာရှိတွေကို ထိုးနှံပေးခဲ့ပေမဲ့ နောက်ဆုံးအဆင့် စမ်းသပ်ထိုးနှံမှု မပြီးမြောက်သေးလို့ သမ္မတပူတင်ကို ကာကွယ်ဆေးထိုးပေးနိုင်ခြင်းမရှိသေးဘူးလို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ခရင်မလင် နန်းတော်က ပြောပါတယ်။

” သမ္မတကို အတည်မပြုရသေးတဲ့ ကာကွယ်ဆေးထိုးနှံပေးလို့ မရပါဘူး” လို့ ခရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့က ပြောပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ရ ကာကွယ်ဆေးနဲ့ အတည်ပြု ကာကွယ်ဆေးက ဘယ်လိုကွာခြားလဲဆိုတာကိုတော့ ဒီမစ်ထရီပက်စကော့က ရှင်းပြခဲ့ခြင်းမရှိပါဘူး။

” အကြီးအကျယ် ကာကွယ်ဆေးထိုးနှံမှု မလုပ်ရသေးပါဘူး။ ပြီးတော့ နိုင်ငံ့အကြီးအကဲက ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လို့ မရပါဘူး။ ဒါက မဖြစ်နိုင်တဲ့ကိစ္စပါ”လို့ ဒီမစ်ထရီပက်စ်ကော့က ပြောပါတယ်။ စမ်းသပ်ထိုးနှံမှုတွေ မကြာခင် ပြီးမြောက်ဖို့ရှိပြီး လိုအပ်လာရင် ကာကွယ်ဆေး ထိုးမလား၊ မထိုးဘူးလားဆိုတာကို သမ္မတပူတင်က လူသိရှင်ကြား ကြေညာမယ်လို့ ဒီမစ်ထရီပက်စ်ကော့က ပြောပါတယ်။

Sputnik V ကာကွယ်ဆေးက အာနိသင်ထက်မြက်ပြီး ဈေးသက်သာတယ်၊ သယ်ယူပို့ဆောင်ဖို့လည်း လွယ်ကူတယ်ဆိုတဲ့ အချက်အလက်တွေကို ကာကွယ်ဆေး ဖော်စပ်ခဲ့တဲ့ Gamaelya သုတေသနသိပ္ပံဌာနက ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ သမ္မတ ပူတင် ကာကွယ်ဆေး မထိုးရသေးဘူးဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့တာပါ။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၇ ရက်အကြာမှာ ရရှိခဲ့တဲ့ အချက်အလက်တွေအရ Sputnik V ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၉၁.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စမ်းသပ်ထိုးနှံမှုမှာ စေတနာ့ဝန်ထမ်း ၁၈၇၉၄ ယောက် ပါဝင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှု ခံယူတဲ့အဖွဲ့၊ အာနိသင်မဲ့ ကာကွယ်ဆေးထိုးနှံမှု ခံယူတဲ့အဖွဲ့ ၂ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်ခဲ့တာပါ။ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူတွေထဲမှာ ရောဂါကူးစက်ခံရသူ ၈ ယောက်ပဲ ရှိပြီး အာနိသင်မဲ့ ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့သူတွေထဲမှာတော့ ရောဂါကူးစက်ခံရသူ ၃၁ ယောက် တွေ့ရှိခဲ့ပါတယ်။

Ref: CNN ” Putin still hasn’t taken Russia’s vaccine, months after his daughter did”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top