ကောင်းဆိုးနှစ်တန် လောကဓံကို အမှန်တွေ့မြဲ စိတ်ဝယ်စွဲ၍

7-5-2020-yyl-037.jpg

(၁)

COVID-19 လို့ခေါ်တဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ ထိုး နှက်ချက်ကြောင့် ကမ္ဘာကြီးရဲ့ အစီအမံတွေ၊ ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝ လူမှုဗေဒ လည်ပတ်စီးဆင်းမှုတွေ လွဲချော်၊ ရပ်ဆိုင်း သွားခဲ့တာ အချိန်ကာလတစ်ခုထိ ကြာမြင့်လာခဲ့ပြီ။

မေလ ၅ ရက်၊ ထုတ်ပြန်ချက်သတင်းတစ်ခုအရ ကိုရိုနာဗိုင်း ရပ်စ်ရောဂါဟာ ကမ္ဘာတစ်ဝန်းက လူသားမျိုးနွယ်စုပေါင်း ၃.၆ သန်းကျော်ကို ကူးစက်ပြီး လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်း ပိုးတွေ့လူနာ ၁.၂ သန်းကျော်နဲ့ ကူးစက်မှုအမြင့်ဆုံး အခြေအနေရောက်နေတယ်။ တခြားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ စပိန်၊ အီတလီတို့မှာ ဖြေလျှော့မှုတချို့လုပ်လာတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်မှာတော့ ကျောင်းတွေပြန်ဖွင့်နေပြီတဲ့။

ကိုဗစ်နောက်ဆက်တွဲသတင်းတွေ၊ ကမ္ဘာအရပ်ရပ်က နစ်နာဆုံးရှုံးမှု၊ စိုးရွံ့ထိတ်လန့်မှုအသံတွေ နားစွင့်နေရချိန်မှာ မြန်မာနိုင်ငံအတွင်း လက်ရှိပိုးတွေ့လူနာစာရင်းက သိပ်များများစားစားကြီး မဟုတ်သေးပေမယ့် စိတ်ချရတဲ့အနေအထားတစ်ခုဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာဦးမယ်ဆိုတာ မသေချာပါဘူး။ (ခုတောင် ပြောရင်းဆိုရင်း လူနာ ၁၄ ဦး ထပ်တိုးလာလို့ လူနာစုစုပေါင်း ၁၇၆ ယောက် ဖြစ်လာပြီလေ)

ဆင်းရဲသား အများပြည်သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ အထွေထွေအကျပ်အတည်းတွေအကြောင်း ညည်းညူရင်း ဝမ်းရေးအတွက် လမ်းပေါ်ပြန်ထွက်ကြမယ့်အသံတွေကြားလာရတော့ ဘာပြောရမှန်းမသိ။ တစ်ဘက်မှာလည်း လူနေထူထပ်များပြားသလောက် ပိုးတွေ့လူနာအများဆုံးနဲ့ အန္တရာယ်ဇုန်လိုဖြစ်နေတဲ့ ရန်ကုန် မြေမှာ ယာဉ်အသွားအလာ၊ လူအသွားအလာ ပြန်စည်ကားနေပြီ ဆိုတာက တကယ့်ကို စိုးရိမ်စရာပါ။

ဗိုင်းရပ်စ်ကာကွယ်ဆေး မျှော်လင့်ချက်နဲ့ပတ်သက်လို့ အကောင်းမြင်သတင်းတွေ ကြားလာရသည့်တိုင် လက်ရှိအချိန်ထိ ဒီကပ်ရောဂါကြီးကို ကမ္ဘာ့လူသားတွေ အနိုင်ရဖို့ဆိုတာ မရေမရာ ဖြစ်နေတုန်းပါပဲ။ လူသားကမ္ဘာအတွက် ထွက်ပေါက်မဲ့တဲ့သိမ်ငယ်မှုမျိုး ခံစားနေရချိန်မှာ အဓိကပြောချင်တာက ဒီလို ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကြီးကြောင့် ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေ ပျက်ပြားမသွားအောင် ဆက်လက်တောင့်ခံထားကြဖို့ပါ။

(၂)

ကိုဗစ်ကာလအတွင်း ဆိုင်ရာဆိုင်ရာ ဘာသာတရား၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝတ်ပြုဆုတောင်းသံတွေ ကြားခဲ့ရမှာပါ။ တချို့ဘာသာတရားရဲ့ သင်ကြားချက်အရ ဘုရားသခင်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ပြီး သူတို့ဘုရားကို ယုံကြည်ရင် ဗိုင်းရပ်စ် မဝင်နိုင်ဘူးဆိုတဲ့ အာမခံချက်တွေ ကြားခဲ့ရတယ်။

ဒါပေမဲ့ ‘ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်’ဆိုတာမျိုး လက်တွေ့ကျကျ လမ်းညွှန်ဆုံးမထားတဲ့ ဗုဒ္ဓဝါဒမှာတော့ ဘုရားကို ယုံကြည်တာနဲ့ ရောဂါတွေမဖြစ်နိုင်ဘူးလို့ အာမ ခံမထားပါဘူး။ ဒါ့အပြင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီလို ကပ်ရော ဂါတွေဖြစ်ပေါ်ခဲ့ကြောင်းလည်း ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့ပြီးသားပါ။

လောကထဲမှာ လူသားရယ်၊ လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်လာရင် ဒီလူသားကမ္ဘာအတွက် အရာရာမှာ သုခချမ်းသာတွေချည်း ဖြစ်မနေတတ်ပါဘူး။ သုခချမ်းသာရှိသလို ဆင်းရဲဒုက္ခတွေကိုလည်း ရင်ဆိုင်ဖြတ်ကျော်ကြရစမြဲဖြစ်ပါတယ်။

ဒီလို ဖြစ်တတ်၊ ကြုံတတ်တဲ့သဘောကိုပဲ ဗုဒ္ဓဘာသာမှာ ‘ လောကဓံ’လို့ ဆိုပါတယ်။

ကျောင်းနေအရွယ်ကတည်းက လောကဓံရဲ့ ခက်ဆစ်အဖွင့်ကို ‘ လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆူကြုံ၊ နိမ့်မြင့်သဘောတရား’လို့ လေ့လာမှတ်သားခဲ့ရတယ်။ ဒီအတွက် ‘ လောကဓံ’ဆိုတဲ့ စကား ကျွန်တော်တို့တွေနဲ့ မစိမ်းသလို ဗုဒ္ဓဘာသာမှာ လောကဓံ တရားရဲ့ ထိုးနှက်ချက်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ဘုရားရှင် ဟောကြားထားတဲ့ ဒေသနာတွေလည်း အခိုင်အမာ ရှိပြီးသားဖြစ်ပါတယ်။

(၃)

ကမ္ဘာနဲ့အဝှမ်း လက်ရှိရင်ဆိုင်နေရဆဲ ကူးစက်မြန် အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ဟာ ဗုဒ္ဓဘာသာအလိုအရ ကပ်ကြီး သုံးပါးထဲက ‘အနာရောဂါကျရောက်၍ သေကျေပျက်စီးခြင်း’ဆိုတဲ့

ရောဂန္တရကပ်ဘေး ဖြစ်ပါတယ်။ ဗုဒ္ဓဒေသနာလာ ပရိတ်ကြီး (၁၁)သုတ်ထဲက ‘ရတနသုတ်’ ဖြစ်ပေါ်လာပုံကို ကြည့်လိုက်ရင်လည်း ဘုရားရှင်လက်ထက်တော်ကတည်းက ခုလိုမျိုး ဘေးဆိုးကပ်ဆိုးတွေ ကြုံခဲ့ဖူးတယ်ဆိုတာ သိသာပါတယ်။

ဘုရားရှင်ပွင့်တော်မူပြီး သိပ်မကြာခင် ဝေသာလီပြည်မှာ ကပ်ကြီးသုံးပါးဆိုက်ခဲ့ဖူးပါတယ်။ ပထမတော့ ဝေသာလီမှာ ငတ်မွတ်ခေါင်းပါး အစာရှားပြီး ဆင်းရဲသူ ဆင်းရဲသားတွေ သေကြတယ်။ တဖြည်းဖြည်းနဲ့ အသေအပျောက်တွေ များလာလွန်းတော့ ကောင်းကောင်းမွန်မွန် မြေမြှုပ်မပေးနိုင်တော့ဘဲ လူသေအလောင်းတွေကို ဒီအတိုင်းပစ်ထားကြရတယ်။ အလောင်းကောင်တွေ ဟိုနားပစ်ချ၊ ဒီနားပစ်ချနဲ့ ကြာလာတဲ့အခါ မြို့အပြင်ဘက်က ဘီလူး၊ သရဲတွေကပါ မြို့တွင်းကိုဝင်ပြီး ဒုက္ခပေးကြပါတော့တယ်။ မကောင်းဆိုးဝါး အ,မနုဿဘေးပါ ဝင်လာတာနဲ့အမျှ ဝေသာလီ ပြည်သူပြည်သားတွေကြား အနာရောဂါဘေးပါ ထပ်ဝင်ပြီး ထိန်း မနိုင်သိမ်းမရ ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ဘုရားရှင်ကို ပင့်ပြီး ကူညီကယ်တင်ဖို့တောင်းပန်ရင်းနဲ့ ‘ရတနသုတ်’ဆိုတာ ဖြစ်ပေါ်လာ ခဲ့တာပါ။

ဒီနေရာမှာ အဓိကပြောချင်တာက ခု ကမ္ဘာ့လူသားတွေ ရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်ရောဂါမျိုးဟာ ခုမှပေါ်လာတာမဟုတ်ဘူး ဆိုတဲ့အကြောင်း လက်ခံရင်းနဲ့ ကိုဗစ်လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်သွားကြဖို့အကြောင်းပဲဖြစ်ပါတယ်။

(၄)

ဒီကာလအတွင်း လူ့လောကထဲ မွေးဖွားရောက်လာတဲ့ Newborn လေးတွေကနေ သက်ကြီးရွယ်အိုတွေရဲ့ ဘဝလုံခြုံမှုအထိ ရိုက်ခတ်မှုရှိသလို ကမ္ဘာကြီးတစ်ခုလုံးရဲ့ လုပ်ငန်းအစီအမံတွေ ကို ကမောက်ကမဖြစ်သွားစေခဲ့တဲ့ ကိုဗစ်လောကဓံကို ဆက်လက် ပြီး တောင့်ခံနိုင်ဖို့ စဉ်းစားကြည့်မိတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ကာလမှာ ဖြစ်ပေါ်နေတဲ့ အရှိတရားကို ခေါင်းအေးအေးထား လက်ခံနိုင်ဖို့ပါ။

အရှိတရားကို လက်ခံတယ်ဆိုတာဟာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ရွာ၊ ကိုယ့်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေမှန်ကို လက်ခံ ဆင်ခြင်နိုင်ဖို့ ပြောချင်တာပါပဲ။

ဥပမာအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ လူစုလူဝေးများတဲ့နေရာမှာ ပိုပြီး ကူးစက်ဖို့ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေမှန်ကို လက်ခံထားနိုင်ရင် အတတ်နိုင်ဆုံး လူစုလူဝေးထဲ မသွားမိအောင် ဆင်ခြင်နိုင်ပါလိမ့်မယ်။

တကယ်လို့ ပိုးတွေ့လူနာ၊ သံသယလူနာနဲ့ ထိတွေ့မှုရှိပြီး လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်အတွက် စောင့် ကြည့်စစ်ဆေးခံရမယ်ဆိုတဲ့ အခြေအနေမှန်ကို လက်ခံနိုင်ရင် Stay Home နေဖို့၊ Quarantine ဝင်ဖို့ကိစ္စတွေကို ငြင်းဆန်မှာ မဟုတ်တော့ပါဘူး။

ဒီကာလမှာ ဒီလိုနေရမယ်၊ ဒီစည်းကမ်းတွေ လိုက်နာရမယ်ဆိုတဲ့ အခြေအနေမှန်ကို လက်မခံနိုင်သူတချို့ကြောင့်သာ နိုင်ငံခြားသားနဲ့ ထိတွေ့မှုရှိရဲ့သားနဲ့ မရှိဘူးဆိုပြီး လိမ်ညာခဲ့သူ၊ ပြည်ပက ပြန်ဝင်လာပြီး ၁၄ ရက်လောက် Quarantine ဝင်ဖို့ ငြင်းဆန်ခဲ့သူ၊ တာဝန်အရ မေးမြန်းစစ်ဆေးသူတွေကို ရန်လုပ်၊ ခုတ်ထစ်ခဲ့သူ . . .စတဲ့ စိတ်ယဉ်ကျေးမှုနိမ့်ပါးတဲ့လုပ်ရပ်တွေ ကြားခဲ့ရတာပဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကာလမှာ တချို့ ကိုယ့်မိသားစုရဲ့အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ချို့ချို့ တဲ့တဲ့ အသက်ဆက်နေရတဲ့ အောက်ခြေအလွှာက ဆင်းရဲနွမ်းပါး မိသားစုဝင်တွေ ဒီနိုင်ငံမှာ ရှိနေပါလိမ့်မယ်။

မိသားစုစားဝတ်နေရေးအတွက် ပုံမှန်ထွက်လုပ်နေကျ အလုပ် လေးတွေ ရပ်ဆိုင်းပြီး စားရမဲ့သောက်ရမဲ့ ကယ်တင်ရှင်မျှော်နေရတဲ့ ဘဝတွေအနေနဲ့ ဖြေသိမ့်လက်ခံစရာက အခန့်မသင့်ဘူးဆိုရင် ကျွန်တော်တို့တွေ မပြောနဲ့၊ ဘုရားရှင်တောင်မှ ဝါတွင်းသုံး လလုံးလုံး မြင်းစားတဲ့ဂျုံအကြမ်းတွေကိုပဲ ဘုဉ်းပေးခဲ့ရတယ်ဆိုတာပါ။

တစ်ချိန်တုန်းက ဝေရဉ္စာပြည်ကို ဘုရားရှင်ကြွတော်မူချိန် အဲဒီပြည်ကြီးမှာ မိုးခေါင်ရေရှား၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်ပြီး ဆွမ်းခံလို့ မရတဲ့အခြေအနေဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်ကို ကြည်ညိုလို့ဆိုပြီး ပင့်ထားတဲ့ ဝေရဉ္စာပုဏ္ဏားကြီးကလည်း ဆွမ်းကပ်ဖို့ မေ့နေတဲ့အတွက် သုံးလလုံးလုံး မြင်းစားဂျုံတွေကိုပဲ ဆွမ်းအဖြစ်နဲ့ ဘုဉ်းခဲ့ရကြောင်း မှတ်သားဖူးတာပါ။

တစ်လောကလုံးမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်ပင်လျှင် အစားဆင်းရဲတဲ့လောကဓံကို ခံခဲ့ရဖူးတယ်ဆိုရင် ဒီလို အကျပ်အတည်းကာလမျိုးမှာ ကျွန်တော်တို့အများပြည်သူတွေအ တွက် အနေဆင်းရဲ၊ အစားဆင်းရဲ . .စတဲ့ ဆင်းရဲမှုလောကဓံ တွေ ခံနေရတာကို ဖြစ်တတ်တဲ့သဘာဝတစ်ခုလို့ မှတ်ယူ၊ သည်းခံနိုင်ဖို့ ဖြစ်ပါတယ်။

(၅)

ကိုဗစ်ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်း အပါအဝင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရဆဲ ကျွန်တော် တို့အနေနဲ့ ဒီအဆိုးလောကဓံကို ခံနိုင်ဖို့ဆိုရင် စိတ်ဓာတ်ရေးရာ တည်ငြိမ်ခိုင်မာဖို့လည်း လိုပါလိမ့်မယ်။

အခက်အခဲ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ထွက်ပြေးလို့ မရပါဘူး။ ရင်ဆိုင်ဖြေရှင်းရပါတယ်။ ရင်ဆိုင်တဲ့နေရာမှာ တည်ငြိမ် မှုမရှိဘူး၊ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူးဆိုရင် ဒီပြဿနာအပေါ် တုံ့ပြန် ပုံတွေလည်း မှားယွင်းသွားနိုင်ပါတယ်။ ဒီအတွက် ကိုဗစ်လောက ဓံကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရေးမှာ စိတ်ဓာတ်ရေးရာ တည်ငြိမ်ခိုင်မာ မှုဟာ အားလုံးအတွက် တကယ့်ကို လိုအပ်တဲ့အရာပါပဲ။

ဒါကြောင့်လည်း ဗုဒ္ဓဘုရားရှင်က ‘ လောကဓံတရားတို့ တွေ့ထိ နှိပ်စက်ခံရတဲ့အခါ စိတ်မတုန်လှုပ်၊ ဝမ်းမနည်းဘဲ ရင်ဆိုင်နိုင်ခြင်း’ ကို ကောင်းမြတ်တဲ့မင်္ဂလာတရားအနေနဲ့ မင်္ဂလသုတ်တော်မှာ ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့တာ ဖြစ်ပါတယ်။

‘ လောကဓံတွေ့ရိုးမို့ အမျိုးမျိုး တွေ့ရမယ်၊

စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါ့ကွယ်’ဆိုတဲ့

လင်္ကာ ကဗျာလေးအတိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်အန္တရာယ် အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်ဖို့ ဆန္ဒပြုရင်း ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ‘တစ်ဘဝ သံသရာ’ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိစာအုပ်မှာပါဝင်တဲ့ ကဗျာလင်္ကာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်။

လူဟုဆိုလျှင် လူလိုပင်သာ

လူတွင်တွေ့ရိုး ကြောင်းအကျိုးနှင့်

ကောင်းဆိုးနှစ်တန် လောကဓံကို

အမှန်တွေ့မြဲ စိတ်ဝယ်စွဲ၍

ဝမ်းနည်းဝမ်းသာ မများပါမှ

နောက်လာဆက်ဆက် တိုးကာတက်၏။

သို့တွက်များပြား အိုလူသားတို့

ဘုရားမိန့်ဖော် တရားတော်ကို

ပျော်ပျော်လိုက်စား စိတ်ဝယ်ထားလျက်

များလောကဓံ ကြံ့ကြံ့ခံ၍

မှန်မှန်မဖြုံ စိတ်မတုန်အောင်

လူ့ဘုံသင်တို့ သွားဖွယ်ကို့။ ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top