မျက်စိမမြင်သူနဲ့ ဖန်မီးအိမ်

8.5.2023-yyl-5.jpg

တစ်ခါက ရွာလေးတစ်ရွာမှာ မျက်စိမမြင်သူတစ်ယောက် ရှိပါသတဲ့။ မျက်စိမမြင်သူဖြစ်လို့ သူ့အတွက် မှောင်သလား၊ လင်းသလားဆိုတာ အရေးမပါပေမဲ့ သူကတော့ ညဘက် အပြင်ထွက်တိုင်း မီးအိမ်လေးတစ်လုံး အမြဲဆောင်သွားလေ့ရှိပါတယ်။

တညမှာတော့ ညနက် အပြင်ထွက်လည်ပြီး ပြန်လာတဲ့ ကာလသားတစ်သိုက်နဲ့ ဆုံပါတယ်။ မျက်စိမမြင်သူက မီးအိမ်ကိုင်ထားတာ တွေ့တော့ ကာလသားတွေကလည်း သူ့ကို ဝိုင်းလှောင်ပြီး ရိသဲ့သဲ့ ပြောကြတယ်။ ကာလသားတစ်ယောက်ကတော့ ” ဟေ့လူ။ ခင်ဗျားက မျက်စိမမြင်ရဘဲ ဘာလို့ မီးအိမ်ကြီး တကားကား လုပ်နေတာလဲဗျ” လို့ မေးတယ်။

” အင်း။ ကျုပ်က မျက်စိမမြင်တော့ မှောင်သလား၊ လင်းသလား မသိပါဘူး။ ဒါပေမဲ့ ဒီမီးအိမ်က ကျုပ်အတွက် သယ်လာတာ မဟုတ်ပါဘူး။ ခင်ဗျားတို့လို မျက်စိမြင်တဲ့သူတွေ အလင်းရအောင် ဆောင်လာပေးတာပါ။ ညဘက် လမ်းတွေက မှောင်တယ်လေ။ ခင်ဗျားတို့ လမ်းကို ကောင်းကောင်းမမြင်ရတော့ ကျွန်တော့်ကိုလည်း ဝင်တိုက်မိနိုင်တာပေါ့။ အဲဒါကြောင့် ကျွန်တော် မီးအိမ် အမြဲဆောင်ထားတာပါဗျာ”

မျက်စိမမြင်သူက ဒီလိုဖြေလိုက်တဲ့အခါမှာတော့ ကာလသားတစ်သိုက်လည်း သူတို့ အမြင်မကျယ်တာ၊ တစ်ဖက်သားဘက် မတွေးပေးတတ်တာကို ပြန်စဉ်းစားမိပြီး တောင်းပန်စကား ဆိုကြပါတယ်။
တစ်ခါတလေ တစ်ဖက်သားကို မဝေဖန်ခင် သူတို့ရဲ့အမြင်၊ ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားပေးတတ်ဖို့ လိုတယ်ဆိုတဲ့ သင်ခန်းစာလေးပါပဲ။

Ref: The man with a Lamp

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top