ကွက်လပ်

8-7-2020-yyl-027.jpg

လောကရဲ့ နေရာတိုင်းမှာ ကွက်လပ်ဆိုတဲ့ အရာတွေရှိနေတယ်။ ကွက်လပ်လို့ ပြောလိုက်တဲ့အခါ ကျွန်တော်တို့က ဘာမှမရှိတဲ့နေရာလေးလို့ ယေဘုယျ နားလည်မိပါတယ်။ ဘာမှမရှိတဲ့နေရာလေးဆိုပေမယ့် အဲဒီနေရာလေးဟာ အဖိုးတန်နေရာလေးတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အတွေးလေးတစ်ခု ရင်ထဲမှာရှိနေခဲ့တာကြောင့် ကွက်လပ်လေးအကြောင်းတွေးကြည့်မိတယ်။

ကွက်လပ်တစ်ခုလို့ ပြောလိုက်ရင် ဘာမှမရှိတာဘဲ လိုထင်ကြတယ်။ ဒီလိုတော့မဟုတ်ပါဘူး။ တကယ်တော့ ကွက်လပ်ဆိုတဲ့ ကွက်လပ်နေရာလေး ရှိနေတာပါ။ ဒီနေရာမှာ လူတွေရဲ့အတွေး၊ ခံစားမှု၊ တန်ဖိုးတို့အပေါ်မူတည်ပြီး ကွက်လပ်တွေအမျိုးမျိုးဖြစ် လာကြတယ်။ ရုပ်ပိုင်းဆိုင်ရာကွက်လပ်တွေရှိသလို နာမ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တွေလည်း ပေါ်လာတတ်ကြပါတယ်။ တန်ဖိုးရှိတဲ့အရာတစ်ခု ပျောက်သွားတဲ့အခါ အဲဒီနေရာမှာဖြစ်လာတဲ့ အဟလေးက ကွက်လပ်ပါ။ ဒီလိုနဲ့ စိတ်ကွက်လပ်တွေအကြောင်းတွေးမိပြန်တယ်။

ငယ်ချစ်အိမ်ထောင်ရှင်မိသားစုတစ်ခုမှာ ချစ်ရတဲ့ခင်ပွန်းက သေခြင်းတရားနဲ့ ခွဲခွါသွာဒတဲ့အခါ သူဘဝအတွက် အလွန်ကြေကွဲခြောက်သွေ့ဖွယ် ကွက်လပ်တစ်ခု သူ့ဘဝထဲကို ရောက်လာပါတယ်။ အရင်က ဒီနေရာမှာ သိပ်ချစ်ခဲ့သူရှိခဲ့ပေမယ့် အခုတော့ ခြောက်သွေ့တဲ့ ကြေကွဲဖွယ် ကွက်လပ်ဖြစ်ခဲ့တာပါ။ အချို့က အချိန်ယူပြီး ကွက်လပ်ကို အစားထိုးဖြည့်ကြသူတွေရှိပေမယ့် အချိုလည်း ကွပ်လပ်ဖြင့်သာ ဘဝကို အဆုံးခံကြတယ်။ ဖြည့်လို့ရတဲ့ ကွက်လပ်တွေရှိပေမယ့် ဖြည့်လိုမရတဲ့ ကွက်လပ်တွေလည်း လောကမှာ အများကြီးဖြစ်တယ်။ သားသမီးနဲ့ မိဘ၊မောင်နှမဆိုတာတွေဟာ တကယ်တော့ ပြည့်နေရင်ကောင်းပေမဲ့ ဟာသွားခဲ့ရင် အဲဒီကွက်လပ်ဟာ အစားထိုးလို့မရတော့ပါဘူး။

ဒီနေရာမှာမေတ္တာတရားလက်ကိုင်ထားပြီးလောကရဲ့ ကွက်လပ်အချို့ကို တတ်နိုင်သလောက်ဖြည့်ပေးနေသူတွေ ရှိပါတယ်။ ဥပမာလေးတစ်ခုကို ပြရရင် အကြောင်းအမျိုးမျိုးကြောင့် မိဘတို့ စွန့်ပစ်ခဲ့တဲ့ကလေးတွေကို မိဘလိုစောင့်ရှောက်ပေးနေတဲ့သူတွေပေါ့။ အစားထိုးမရတဲ့ ကွက်လပ်ဆိုပေမယ့် ကြီးမားပြီး အစစ်ထက်ကောင်းတဲ့မေတ္တာနဲ့ ဖြည့်လိုက်တဲ့အခါ ကလေးတွေရဲ့ ဘဝကွက်လပ် ပြည့်ခဲ့ရတဲ့အဖြစ်တွေကိုလည်း တွေ့နေရတာဖြစ်တယ်။ ဘာဖြစ်ဖြစ် လောကကိုရောက်လာမယ့် သူတွေအတွက် ကွက်လပ်တွေမပေးစေချင်တာကတော့ အမှန်ပါ။

ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ လိုအပ်ချက်တွေဟာ မကုန်နိုင်သလို ကွက်လပ်တွေကလည်း ရှိနေမှာပါ။ ဒီကွက်လပ်တွေကို ဖြည့်တဲ့အခါ တရားတဲ့နည်းတွေနဲ့ ဖြည့်ဖို့လိုပါတယ်။ မိမိကွက်လပ်ဖြည့်ဖို့အတွက် သူတစ်ပါးမှာ ကွက်လပ်ဖြစ်ရမယ်ဆိုရင်တော့ ဒါဟာသိပ်မကောင်းဘူးလို့ပဲ ယူဆမိမှာပါ။လူတိုင်းရဲ့ဘဝမှာ တန်ဖိုးရှိတဲ့ ကွက်လပ်လေးတွေရှိပါတယ်။ အဲဒီကွက်လပ်ကလေးကို ဖြည့်တဲ့အခါ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေနဲ့ပဲဖြည့်သွင်းဖို့လိုပါတယ်။ ဒါမှ ဘဝမှာ လူကောင်းတစ်ယောက်ဖြစ်လာမှာပါ။မိမိရဲ့ကွက်လပ်အတွက် လိုအပ်တဲ့အရာတွေကို သူတစ်ပါးရဲ့မျက်ရည်၊ သွေးစက်တွေနဲ့ ဖြည့်ခဲ့မယ်ဆိုရင်တော့ စိတ်မကောင်းဖြစ်ရမှာပါ။

ဒါကြောင့် အလွန်တိုတောင်းလှတဲ့ လူ့ဘဝမှာ တစ်ယောက်ရဲ့ လိုအပ်တဲ့ ကွက်လပ်ကို တစ်ယောက်က မေတ္တာအပြည့်နဲ့ နာကျင်ခြင်းမရှိအောင် ဖြည့်ပေးခြင်းဖြင့် လူ့လောကရဲ့ ကွပ်လပ်တွေကို ငြိမ်းချမ်းစွာဖြည့်ဆည်းနိုင်ကြပါစေကြောင်း ဆုတောင်းရင်း ကွက်လပ်များအကြောင်း ဟိုရောက်ဒီရောက် တွေးနေမိပါတော့တယ်။

လေပြေမောင်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top